Home ကဗျာ ဘယ်ဆီကို ပြေးမလဲ

ဘယ်ဆီကို ပြေးမလဲ

1473

ဘယ်ဆီကို ပြေးမလဲ

· မိုးဆိုလည်း မိုး…
ဆောင်းဆိုလည်း ဆောင်း…
နွေဆိုလည်း နွေ…
ကော်သူးလေရဲ့ ကံကြမ္မာက
မျှမျှတတ အလှဆင်နိုင်ဖို့··တဲ့
ဒါနဲ့…
ရာသီဥတုနဲ့ အတူ
သစ်ပင်ဝါးပင်အောက်မှာ
မေတ္တာတွေ ပွင့်မြဲ…
သစ္စာတွေ ရှိဆဲ…
ဒါပေမဲ့ …
ဘယ်ဆီ ပြေးမလဲပေါ့…။

· စက္ကန့်တိုင်းမှာ
သောကတွေနဲ့…
စီရင်ချက်ကို ကြားနာရင်း…
လက်တွေ့မှာ
အဝတ်လျှော်ဖို့ ဆပ်ပြာမရှိဘူး…
ထမင်းချက်ဖို့ ဆန်မရှိဘူး…
ဆူးက ရင်ကိုစူးပြီး စူးတယ်
ဒဏ်ရာက ကြီးသထက် ကြီးလာတယ်
ရောဂါက နာတာရှည်လို ဖြစ်လာတယ်။

· တစ်ခါတစ်ခါ
ရင်ထဲမှာ မွန်းကျပ်လို့
မျက်ရည်စက်တွေက စကားလုံးများစွာ …
အပြုံးတွေကသာ အသက်မဝင်တာ…
အမုန်းဆုံးအရာ ပြပါဆိုရင်
စစ်မြေပြင်မှာ ရှာမတွေ့ဘူး
ဇာတ်ဆရာက လက်တံရှည်လွန်းတယ်
ကြေးစားတွေက များလွန်းတယ်
နည်းနည်းရလိုက်လို့ ဝမ်းသာမနေနဲ့…
များများ ပါသွားတာကို သတိထားဦး။

· လိုချင်ရင် ရင်းရတယ်…တဲ့
ရင်းလိုက်လို့ အရင်းပြန်မရရင်
ဘယ်လို ဆင်ခြေဆင်လက် ပေးမလဲ…
လောလောဆယ် ဝိညာဥ်တွေ လွင့်ကုန်ပြီ
ဘယ်ဆီကို ပြေးမလဲ တွေးရပြီ။ ။

အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
၃၁ ၃ ၂၀၂၂
ည(၁၀:၄၅)