ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ကျေးရွာများထဲသို့ ဧပြီလ ၂၃ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ အမြှောက်လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် သည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံရွာသားများဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် အခြေစိုက်သည့် အမြောက်တပ် ၃၁၈ တပ်ရင်းမှ ယမန်နေ့ ဧပြီလ ၂၃ ရက် ည ၁၀ နာရီ ကျော်အချိန်တွင် ခလယ်၊ တံခွန်တိုင်၊ ပူးလိန်၊ တံခွန်တိုင်ရွာလေး၊ နန်းသိုင်းထွန်ကျေးရွာအတွင်းသို့ အမြှောက်လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်သည့်အတွက် ဥယျာဉ်ခြံများထိခိုက်ပျက်စီးမှုရှိသလို ထိုရွာများမှ ဒေသခံရွာသားအများစုလည်း ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
“ ညက ၁ဝ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ရွာထဲကို လှမ်းပစ်တယ်။ မွန်ပြည်နယ်ဘက်ကနေ လှမ်းပစ်တယ်ပြောတယ်။ ရွာနားက ရာဘာခြံမှာ လက်နက်ကြီး ၂ လုံး ကျကွဲတယ်။ အိမ်ကနေ လှမ်းမြင်ရတယ်။ မြေကြီးပါတုန်ခါသွားတယ်။ တော်တော်များများ နိုင်သလောက်အထုပ်တွေနဲ့ ဘေးလွတ်ရာကို ပြေးနေကြရပြီး” ဟု နန်းသိုင်းထွန်ရွာမှ အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၂၃ရက်နေ့တွင်လည်း တံခွန်တိုင်ရဲစခန်းဝင်း နေရာယူထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် တံခွန်တိုင်ကျေးရွာသူ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး အခြားအရပ်သားနှစ်ဦးလည်း ပြင်းထန် ဒဏ်ရာရခဲ့သည်။
၎င်းအပြင် တံခွန်တိုင်ရဲစခန်းရှေ့ ကားလမ်းမပေါ်တွင် ခရီးသွားလာသူများကိုလည်း စခန်းမှ လက်နက်များဖြင့် လှမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် လက်ရှိအချိန်တွင် ဝင်းရော်လမ်းမကြီးတစ်လျှောက် ခရီးသွားလာသူများမရှိတော့ကြောင်း ရွာသားများထံမှ သိရသည်။
ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းတွင် နယ်ခြားစောင့်တပ် (BGF)အမှတ် ၁၀၂၁ တပ်ရင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်နေရာယူထားပြီးနောက် ၎င်းတို့၏ စခန်းရှေ့လမ်းမတွင် ခရီးသွား လာသူများကို ည ၇ နာရီကျော် ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အပြင် နေ့ခင်းဘက် ဖြတ်သန်း သွားလာသူများကိုပါ စခန်းမှ သေနတ်ဖြင့် လှမ်းပစ်ခတ်မှုများပါ လုပ်ဆောင်နေသည့်အတွက် အဆိုပါလမ်းမကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားနေဆဲဟု ဒေသခံများထံမှ သိရသည်။



















