ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ်၊ ကတိုင်တိကျေးရွာရှိ (BGF-၁၀၁၃) စခန်းမှ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင် လက်နက်ကြီး (၁၂၀ မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာ(တာအိုနီ) မှ (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။
“ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံးလက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေမနေရဲကြတော့ဘူး” ဟုဒေသခံတစ်ဦးက ကေအဲန်ယူ သထုံခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနသို့ ပြောဆိုထားသည်။
ထို့အပြင် ကတိုင်တိ BGF-၁၀၁၃ စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာရှိ လူနေအိမ် (၅)လုံးလက် နက်ကြီးစများ ထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဧပြီလ ၂၀ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း၂ ဌာနချုပ်မှ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော BGF တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန်၊ မထွက်ခွာပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ဟုပါရှိသော ကြေညာချက်တစ်စောင် KNDOက ထုက်ပြန်ခဲ့ပြီးနောက် ယခုလို ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
KNU ဘီးလင်းမြို့နယ်၊ KNDO တပ်ရင်း ၂ ဌာနချုပ်က ကြေညာချက်ထုက်ပြန်ပြီးနောက်ပိုင်း လေးကေကျေးရွာနှင့် ဝင်းတာပန်ကျေးရွာတွင် တပ်စခန်းချထားသော BGF တပ်ဖွဲ့များမှ လမ်းများကို ပိတ်ထားကာ ဒေသခံများအား သွားလာခွင့် ပိတ်ပင်ခြင်းများရှိလာပြီး နှစ်ဖက် စစ်ရေးတင်းမာလာနိုင်ဖွယ်ရှိသဖြင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေမှုများရှိကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။




















