ဧပြီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလ အပစ်ရပ်ထားမည်ဟုဆိုသော်လည်း မြဝတီမြို့တောင်ဘက်ရှိ လေးကေကော် ဒေသတွင် စစ်အင်အားတိုးချဲ့နေမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား စစ်ကောင်စီတပ်များဘက်က လုပ်ဆောင်နေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိမြေပြင်၌ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆နယ်မြေ၊ လေးကေကော်ဒေသအတွင်း ရသေ့ဂူ၊ လေးကပေါ်ရေတံခွန် တောင်ဘက်နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ နေ့ ၊ညပစ်ခတ်၍ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု စစ်ရေးမြေပြင် သတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နယ်မြေ ပူးပေါင်းတပ်များအကြား ယနေ့ ဧပြီလ ၂၃ရက် နေ့လည်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းစစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ယခုလို ပြောသည်။
“ညကလည်း လက်နက်ကြီးတွေ ပစ်တယ်။ အခု မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းအထိ လက်နက်ကြီး ဟိုပစ်၊ ဒီပစ် လုပ်နေတုန်းပါပဲ၊ မြေပြင်မှာလည်း ကရင်အဖွဲ့တွေနဲ့ နှစ်ဘက်တိုက်ပွဲ ဖြစ်နေတယ်၊ အခုက သူတို့ လမ်းမကျွမ်းတော့ မြ၀တီ BGF တို့၊ လှိုင်းဘွဲ့ BGF တို့၊ ကျုံဒိုး BGF တို့ အကုန်ခေါ်တက်လာပြီး တိုက်ဖို့လုပ်နေတာ၊ အင်အား ဖြည့်နေတာတွေ ဆက်တိုက်လုပ်နေတယ်၊ မနေ့က BGF ကားတွေ အစီး ၂၀ လောက်၊ လူအင်အား ၁၀၀လောက် လာပို့သွားတယ်လို့ သိရတယ်” သူက ကေအိုင်စီသို့ပြောသည်။
၎င်းအပြင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ် မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ မပါဝင်သည့်အတွက် မြေပြင်တွင် စစ်ရေးတင်းမာနေကြသည့် အခြေအနေတွင် ဆက်ရှိနေသေးသည်ဟု ၎င်းစစ်ရေးသတင်းအရင်းအမြစ်က ဖြည့်စွက်ပြောဆိုသည်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ရုပ်သံအစီအစဉ်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် အစီအစဉ်အား ထုတ်လွှင့်ကြေညာခဲ့ပြီး ညနေပိုင်းတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အသိပေးထုတ်ပြန်ချက်အား ဆက်လက် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ထိုဖိတ်ခေါ်ချက်အပေါ် KNU- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုလျှင် စစ်ကောင်စီတပ်မတော်က နိုင်ငံရေးမှစွန့်ခွာမည်ဟု ကတိပေးမှသာဆွေးနွေးနိုင်မည်ဟု KNU နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ခံ ပဒိုစောတောနီးက သတင်းဌာနများကို ပြောဆိုထားသည်။



















