Home သတင်း ကျသွားသည့် မောခီးစခန်းသို့ စစ်ကောင်စီတပ်များ ပြန်လည်ရောက်ရှိ

ကျသွားသည့် မောခီးစခန်းသို့ စစ်ကောင်စီတပ်များ ပြန်လည်ရောက်ရှိ

1234
Photo-မောခီးစခန်းကို KNLA/KNDO တပ်ဖွဲ့များ တက်ရောက်သိမ်းပိုက်ရှင်းလင်းခဲ့စဉ် (Photo-KNDO)

ဧပြီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် မတ်လလယ်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့၏ တက်ရောက်ရှင်းလင်းခဲ့သည့် မြဝတီတောင်ပိုင်းရှိ စစ်ကောင်စီတပ်၏ မောခီးစခန်းကို ယနေ့ ဧပြီလ ၆ရက် နေ့လည်ခန့်တွင် စစ်ကောင်စီတပ်များ ပြန်လည်ရောက်ရှိနေပြီဟု ကေအဲန်ယူဘက်က အတည်ပြုပြောသည်။

အဆိုပါ မော်ခီးစခန်းကို ပြန်ထိုင်ရန် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ဧပြီလ ၅ ရက်နေ့ကတည်းက ဝေါလေမှ မော်ခီးစခန်းသို့ ဦးတည်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး လမ်းကြောင်း တစ်လျှောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသည်ဟု ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ကော် သောက ပြောသည်။

၎င်းက ” မကြာသေးခင်ကပဲ (နေ့လည်) စခန်းထဲ သူတို့ ပြန်ရောက်ပြီ။ သေနတ်သံတွေက ကြားနေတုန်းပါပဲ။ စခန်းကုန်းမှာနေပြီး လက်နက်ကြီး လိုက်ပစ်တာဖြစ်ဖို့များတယ်။ သူတို့အားလုံး ထိခိုက်ကျဆုံးတာ အယောက် ၂၀ ကျော်မယ်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ညက ဝေါလေဘက်ကို ကားနှစ်စီးနဲ့ လူနာပြန်သယ်သွားတယ်။ ညက ပြန်ပို့တဲ့အထဲမှာ စစ်ကြောင်း၊ တပ်ခွဲမှူးတွေပါတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

မော်ခီးစခန်းကို ပြန်ထိုင်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား နယ်မြေခံ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သလို KNLA၊ KNDO ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

စစ်ကောင်စီနယ်ခြား ခံစစ်စခန်းတစ်ခုဖြစ်သည့် မော်ခီးစခန်းကို ယခင်လ မတ်လ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်။

” စခန်းကို တက်ရှင်းလင်းပြီးကတည်းက ဘယ်သူမှ မထိုင်ဘူးလေ။ အခု သူတို့စခန်းမှာပဲ အသေပြန်ထိုင်မလားတော့ သေချာမသိရသေးဘူး။ ညနေလောက်မှ အခြေအနေ ထပ်သိရမယ်။ “ဟု ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒို စောအယ်ကော်သောက ဆက်ပြောသည်။

၎င်း စစ်စခန်းတွင် စစ်ကောင်စီဘက်က ပြန်ထိုင်နိုင်ရန် ကော့ကရိတ်-မြဝတီ လမ်းပိုင်းနှင့် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်-ဝေါလေ နယ်ခြားလမ်းမှ စစ်အင်အား စစ်ကူပို့ဆောင်မှုများ ပြုလုပ်ခဲ့သေးသည်ဟု KNLA ဘက် ပြောဆိုခဲ့သည်။

မြဝတီတောင်ဘက် ဒေါနအရှေ့ဘက်ခြမ်းတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာအုပ်စု ၇ စုမှ စစ်ရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ဦးရေ (၁၁,၄၃၄) ဦးရှိသည်ဟု ဒေါနအရှေ့ခြမ်း စစ်ရှောင်ကူညီရေးအဖွဲ့၏ ပြုစုထားသော စာရင်းတွင် ဖော်ပြထားသည်။