Home သတင်း မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ

မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ

1470

ဧပြီလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်အခြမ်းနေရာတွင် ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော အကြီးစား မိုင်းပေါက်ကွဲမှုတွင် နေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှု များပြားလျက်ရှိသည်ဟု သိရသည်။

ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက မိုင်းဗုံးတပ်ဆင် ထားသည့်ကားဟု ယူဆရသည့် ကားတစ်စီးအတွင်းမှ မိုင်းပေါက်ကွဲမှုတွင် တံတားရုံးလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံများအပါအဝင် တံတားအနီး ပတ်၀န်းကျင် လူနေဆိုင်ခန်း၊ ကားနှင့်ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့ပြီး တံတားလုံခြုံရေး တာ၀န်ကျ နယ်ခြား စောင့်တပ် -BGF တပ်ဖွဲ့ ၀င် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မြ၀တီစစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ ပြောစကားအရ သိရသည်။

“တံတားနားပတ်၀န်းကျင်က အိမ်တွေကားတွေ တော်တော်လေးပျက်စီးကုန်တယ်၊ တံတားစောင့်တဲ့ BGF တွေ ပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ ကြောင့် နေအိမ်တွေ ကျည်ထိမှန်တာ တွေလည်းရှိတယ်၊ BGF ၂ ယောက်လောက်တော့ မိုင်းအစမှန်တာကိုတော့ ဆေးရုံခေါ် တာတော့ တွေ့ ရတယ်”ဟု စစ်ကောင်စီ နှင့် နီးစပ်သည့် မြ၀တီ မြို့ ခံ သတင်းအရင်းအမြစ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိုင်းအကြီးစားမိုင်းဖောက်ကွဲမှုကို ကားတစ်စီးထဲ မိုင်းထည့်ဖောက်ခွဲသည့် ပုံစံမျိုးဖြစ်ပြီး ပေါက်မှုဖြစ်ပွားချိန်မှာ လူသူအိပ်ချိန်ဖြစ်သည်ဟုလည်း ဖြစ်စဉ် အနီးရှိ အမည်မဖော်လိုသူ မြို့ခံတစ်ဦးကလည်း ယခုလို ပြောသည်။

“အဲ့ဒီတံတားနားက မိုင်းပေါက်တဲ့ အချိန် ၁၀နာရီ ခွဲဆိုတာ တစ်မြို့လုံး အိပ်နေပြီ၊ မြ၀တီက ည ၈ နာရီလောက်ဆို အကုန်တိတ်နေပြီလေ။ ညက တံတား ၁ ထိပ် ကို ကားထဲမိုင်းထည့် ဖောက်ခွဲတဲ့ ပုံစံမျိုးလုပ်ဆောင်တာလို့တော့ ကနဦး သိရတယ်၊ ကားကို အောတိုဂီယာထည့် လူဆင်းနေခဲ့ ပြီးတော့ တံတားဘက်ကို လွှတ် ထုတ်လိုက်တာမှာ တံတားထိပ် ပလက်ဖောင်းကို တိုက်ပြီး ကားထဲကနေ မိုင်းကွဲ တဲ့ အချိန်ကားက တစ်စစီကိုပျက်စီးလွှင့်ထွက်ကုန်တဲ့ သဘောမျိုးတွေ့ ရတယ်၊ ပရိုဘောက်လား၊ ဟွန်ဒါဖစ်လားတော့ မသိဘူး။ “ဟု ပြောသည်။

အဆိုပါ ကားမိုင်းထောင် ပေါက်ကွဲ မှုဖြစ်စဉ်အပြီး မြ၀တီမြို့အပြင် နေရာတွင် လည်း ပစ်ခတ်မှုတချို့ ရှိ့ခဲ့ပြီး ယနေ့ ဧပြီ ၂၄ ရက်နံနက်ပိုင်းအထိ မြ၀တီ အမှတ် ၁ တံတား အနီး၀န်းကျင် နေရာတစ်ဝိုက်တွင် စစ်ကောင်စီ တပ်များမှ နေအိမ် CCTV များနှင့် မိုင်းပေါက်ကွဲ မှုဖြစ်စဉ်အား သိမြင်သူများအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ကားမိုင်းပေါက်ကွဲမှုဖြစ်စဉ်အား မည်သည့် အဖွဲ့ အစည်းက ပြုလုပ်ဖောက်ခွဲခဲ့ ကြောင်း မသိရသေးသော်လည်း ပေါက်ကွဲအားပြင်းထန်သည့်အတွက် စစ်ကောင်စီဘက်မှ လုပ်ကြံဖန်တီးဖောက်ခွဲသည့် ကိစ္စမျိုးဖြစ်နိုင်ကြောင်း မြ၀တီမြို့ခံအချို့က ထင်ကြေးပေး ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။