မတ်လ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ဘိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လ ၁၀ရက်နေ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့-PDF နှင့် စစ်ကောင်စီအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံရွာသား ၇ဦး အဖမ်းဆီးခံရပြီး ယမန်နေ့က ၅ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ၂ဦးမှာ ဆက်လက် ဖမ်းဆီးထားသေးကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၀ရက်နေ့က ကဆောဖိုးရွဲကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို ဒေသခံ PDF တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၎င်းတို့ယာဉ်တန်း သွားလာမှုကို သတင်းပေးကြောင်း သံသယဖြင့် ဘောမသီ ဒေသခံ စောထိန်ဝင်း နှင့် ကပြောင်ဒေသခံ စောလောင်းတို့ကို မတ်လ ၁၁ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဘောမသီ ဒေသခံ ၄ဦးနှင့် ကပြောင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အခု စစ်တပ်လက်ထဲမှာ ရှိနေတာက ၂ယောက်။ ပထမတစ်ဦးက စောလောင်း။ ကပြောင်ရွာမှာ နေတယ်။ အသက် ၂၈နှစ်ရှိပြီးတော့ သားသမီး ၄ယောက်ရှိတယ်။ သူ့ကို လမ်းမှာဖမ်းတာ။ ကဆောဖိုးရွဲနားမှာ အလုပ်သွားလုပ် ရင် ပြန်လာတော့ အဖမ်းခံရတာ။ သူ့ကိုဖမ်းပြီး ရိုက်နှက်စစ်ဆေးတော့ ကြောက်ကြောက်နဲ့ ပြန်ဖြေတာတွေက စကား တွေမှားတော့ အဖမ်းခံရတာ။ အခု သူ့ကို လမ်းပြအနေနဲ့ လုပ်ခိုင်းမယ်တဲ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် စောထိန်ဝင်းဆိုသူမှာလည်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှု မှာ PDF များကို သတင်းပေးခြင်းဖြစ်ကြောင်း သံသယဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း အဆိုပါဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။
ထပ်မံ ဖမ်းဆီးခံလိုက်ရသည့် ဘောမသီဒေသခံ ငါးဦးမှာ အသက် ၁၄နှစ်အရွယ် နော်မိမီ၊ အသက် ၃၆နှစ်အရွယ် နော် မေလေး၊ ကပြောင်ကျေးရွာအုပ်ချုပ်ရေးမှူး စောဝေါနှင့် ၎င်း၏သမီး နော်မမနှင့် ခရစ်ယာန်သင်းအုပ်ဆရာ စောကြာ လေးတို့ဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွတ်ပေးလိုက်ပြီးဖြစ်သည်ဟု သိရသည်။
အဆိုပါ ပုလောဒေသ၌ ဒေသခံပုလော PDF အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း ရှိနေ ပြီး ပြီးခဲ့လပိုင်းများတွင်လည်း မကြာခန တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်ရသလို ဖမ်းဆီးထိန်းသိမ်းခံရမှု၊ လူသားဒိုင်းပြုလုပ်ခံရမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အလားတူ ယမန်နေ့ မတ်လ ၁၃ရက်ကလည်း ဘိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄)နယ်မြေရှိ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO အထူးတပ်ရင်းမှ ဗိုလ်အယ်ခွီး ဦးဆောင်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တစ်နာ ရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ ၆၀-မမတစ်လက်၊ RPG တစ်လက်၊ လက်နက်ငယ် ၄လက်၊ ပစ္စတို ၁လက်နှင့် တခြားဆက်စပ်ခဲယမ်းများ၊ ငွေသားကျပ် ၂သိန်းကျော်အပြင် တပ်တွင်းသုံး အပွင့်အခက်၊ အဆောင်အ ယောင်များပါ သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှတဆင့် သိရသည်။