Home သတင်း အချိန်မရွေးတိုက်ပွဲဖြစ်နိုင်၍ ကလေးများကိုကျောင်းသို့ မပို့ရန် ကြာအင်းဆိပ်ကြီး ဗကသ တိုက်တွန်း

အချိန်မရွေးတိုက်ပွဲဖြစ်နိုင်၍ ကလေးများကိုကျောင်းသို့ မပို့ရန် ကြာအင်းဆိပ်ကြီး ဗကသ တိုက်တွန်း

991

မတ် ၁၇ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုအဖွဲ့များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် ကျောင်းသူ/ကျောင်းသားများကို စာသင်ကျောင်းသို့ပို့ဆောင်မှု မပြုလုပ်ကြပါရန် မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ယနေ့ မတ်လ ၁၇ ရက်တွင် တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ထားသည်။

ကျောင်းတက်နေစဉ်အတွင်း အချိန်မရွေး တိုက်ပွဲဧရိယာအတွင်းသို့ ကျရောက်သွားနိုင်သည့်တွက် ကျောင်း သားများအား လူသားဒိုင်းအဖြစ် အသုံးချခံရမည်ကို အထူးစိုးရိမ်လျက်ရှိပြီး မိမိတို့သားသမီးများကို တိုက်ပွဲကာလအတွင်း ကျောင်းသို့ပို့ဆောင်မှု မပြုလုပ်ကြပါရန် ဗကသ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက “ကျောင်းသားမိဘတွေက သူတို့ကလေး တွေကို ပညာရေးအတွက် စိုးရိမ်နေတာ နားလည်ပေးပါတယ်။ လက်ရှိကာလက စစ်ရေးတင်းမာမှုရှိတယ်။ ကျောင်းပို့တာ အရမ်းအန္တရာယ်များနေတယ်။ ကလေးတွေ အန္တရာယ်ဇုံမှာ အချိန်မရွေးကျရောက်နိုင်တယ်။ သူတို့ အခွင့်အရေးနဲ့ လုံခြုံစေဖို့ ကျောင်းမပို့ကြဖို့ တိုက်တွန်းချင်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်အတွက် ကျောင်းသားများ စာသင်ကျောင်းထဲ၌ ပိတ်မိသည့် ဖြစ်စဉ်ရှိခဲ့၍ ကျောင်းသားကလေးများအတွက် စိုးရိမ်ရကြောင်း မြို့ခံကျောင်းသားမိဘများက ပြောသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စတုတ္ထတန်း၊ အဌမတန်းကျောင်းသားများကို ယနေ့ မတ်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ ပညာရေးဌာနက စာမေးပွဲ ပထမရက်အဖြစ် စတင်စစ်ဆေးဖြေဆိုလျက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် မတ်လ ၃ဝ ရက်နေ့တွင် ဖြေဆိုကြမည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ဦးရေ ၅,၉၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီ ပညာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးနှင့် လုံခြုံရေးအာမခံချက်မရှိသည့် စစ်ကောင်စီလက်ထက်တွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြရန်နှင့် ကလေးများ၏ပညာရေး နောက်ကျကျန်ခဲ့မှုမရှိစေရန် ဗကသအဖွဲ့များအနေဖြင့် ကိုယ်ထူကိုယ်ထကျောင်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကွန်ရက် အွန်လိုင်းပေါ်တွင်လည်း ပညာရေးဘာသာရပ်များကို လေ့လာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း ဗကသအဖွဲ့တာဝန်ရှိသူများက ပြောသည်။