Home သတင်း ကရင်အမျိုးသားပါတီ တည်ထောင်ခဲ့သူ ဝါရင့်နိုင်ငံရေးသမား မန်းသိန်းရွှေ ကွယ်လွန်

ကရင်အမျိုးသားပါတီ တည်ထောင်ခဲ့သူ ဝါရင့်နိုင်ငံရေးသမား မန်းသိန်းရွှေ ကွယ်လွန်

1309

မတ်လ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဒီမိုကရေစီ အသွင်ပြောင်းကာလ ၂၀၁၄ခုနှစ်တွင် ရန်ကုန်မြို့အခြေစိုက် ကရင်အမျိုးသားပါတီ(KNP)ကို တည်ထောင်ခဲ့သူ ပါတီဥက္ကဌ ဝါရင့်နိုင်ငံရေးသမား မန်းသိန်းရွှေ အသက် (၉၂နှစ်)သည် မတ်လ ၁၃ရက်နေ့ နေ့လည် ၁၁နာရီကျော်အချိန်တွင် ခရစ်တော်၌ အိပ်ပျော်(ကွယ်လွန်)သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မန်းသိန်းရွှေသည် လက်ရှိ ကရင်အမျိုးသားပါတီ(KNP) ပါတီဥက္ကဌတာဝန်ကို ထမ်းဆောင်နေရင်း နှလုံးရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါများကို ဆေးကုသမှုခံယူနေစဉ်အတွင်း ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက အတည်ပြုပြောဆိုသည်။

KNP ပါတီဥက္ကဌ မန်းသိန်းရွှေကွယ်လွန်သွားသည့်အပေါ် အမျိုးသားရေးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ခုဖြစ် ကြောင်း၊ သူသည် မြန်မာ့အရေး၊ ကမ္ဘာ့အရေး ဝေဖန်သုံးသပ် ဟောပြောပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး အများနှစ် ခြိုက်သူလည်းဖြစ်ကာ ကရင်အမျိုးသားတို့နှင့် ပတ်သက်သည့် စာအုပ်၊ စာတမ်းများရေးသားပြီး အမျိုးသားရေး၊ လူမှု ရေးများကို ထမ်းရွက်ခဲ့သူတစ်ဦးဖြစ်သည်ဟု ကရင်အမျိုးသားပါတီ(KNP)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ၌ ဖော်ပြ ထားသည်။

မန်းသိန်းရွှေကို ၁၉၃၁ခုနှစ်၊ ဇန်နဝါရီ ၁၄ရက်နေ့တွင် မြစ်၀ကျွန်းပေါ်ဒေသ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ်ကျေး ရွာ၌ အဖ မန်းသန်းဆိုင်၊ အမိ ဖိဂါ့အေးရင်တို့၏ ဒုတိယမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ သူသည် အထက်တန်း ကျောင်းကို မော်လမြိုင်ကျွန်းမြို့နယ်တွင် အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဥပစာသိပ္ပံဘွဲ့ကို တတိယနှစ်အထိ တက် ရောက်ခဲ့သည်။

ထို့နောက် ပျော်ကုန်းကျောင်းတွင် ကျောင်းဆရာအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗြန့်ကြီး၊ သိုက်ကုန်း၊ ကျုံပျော် ကျောင်းကုန်းတွင် ဒုကျောင်းအုပ်ဆရာအဖြစ်လည်းကောင်း၊ ၁၉၆၈ခုနှစ် ပြည်ထောင်စုနေ့ဟောပြောပွဲတွင် တက် ရောက်ဟောပြောပြီးနောက် ပညာရေးဝန်ကြီးက စစ်ကိုင်း၊ ရွာသစ်ကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် လက်ထောက်ကထိကအဖြစ် ခန့်အပ်ခြင်းခံခဲ့ရကာ အင်္ဂလိပ်စာနှင့် သမိုင်းဌာနတွင် ၁၉၇၁ခုနှစ်ထိ တာဝန်ထမ်းဆောင် ခဲ့သည်။

မန်းသိန်းရွှေ၏ နိုင်ငံရေးဆောင်ရွက်ချက်များမှာ ၁၉၇၁ခုနှစ်တွင် စစ်ကိုင်းမြို့နယ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ပါတီယူနစ်ကော်မတီဝင်နှင့် တောင်သူလယ်သမား ဥက္ကဌအဖြစ် ၁၉၇၆ခုနှစ်ထိ တာဝန်ယူခဲ့သည်။ ခရမ်းမြို့နယ် ပါတီ ယူနစ် အတွင်းရေးမှူးအဖြစ် ၁၉၇၇ခုနှစ်မှ ၁၉၈၈ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၄ခုနှစ်တွင် ရန်ကုန်မြို့၌ KNP ကို တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ကာ ပါတီဥက္ကဌအဖြစ် ကွယ်လွန်ချိန်ထိ တာဝန်ထမ်း ဆောင်ခဲ့သည်။

ထို့ အပြင် မန်းသိန်းရွှေသည် ၁၉၉၁-၉၂ ခုနှစ်မှ ၂၀၀၆-၂၀၀၇ခုနှစ်ထိ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်တွင် ၁၄ နှစ် အမှုတော်ဆောင်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့ဖူးသည်။

သူသည် ၁၉၅၈ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ဂါ့အိုင်ရင်းဖေနှင့် ဘရေတန်အသင်းတော်၌ လက်ထပ်ထိမ်းမြားခဲ့ရာ ထိုစဉ်က သမ္မတ မန်းဝင်းမောင်ကိုယ်တိုင် မင်္ဂလာပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်ဟု မိသားစုဝင်များထံမှသိရပြီး ကွယ် လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၈ဦး ကျန်ရစ်ခဲ့သည်။

မန်းသိန်းရွှေ၏ ဈာပနဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို မတ်လ ၁၅ရက်၊ နေ့လည် ၁၁နာရီအချိန်တွင် မြောက်ဥက္က လာပ၊ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ သင်္ချိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။