Home သတင်း Mytel တာဝါတိုင် ဖောက်ခွဲခံရခြင်းနှင့်ပတ်သက်၍ ရွာသား ၄ ဦးကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့

Mytel တာဝါတိုင် ဖောက်ခွဲခံရခြင်းနှင့်ပတ်သက်၍ ရွာသား ၄ ဦးကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့

1276
Photo: CJ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဥဒေါင်းကျေးရွာအနီးရှိ Mytel ဆက်သွယ်ရေး တာဝါတိုင် ဖောက်ခွဲခံရခြင်းနှင့် ပတ်သက်၍ ဒေသခံရွာသား (၄)ဦးကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နှင့် ရွှေဂွန်းရဲတပ်ဖွဲ့တို့က လှိုင်းဘွဲရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်ခန့်က ၎င်းရွာအနီးရှိ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံရပြီးနောက် အနီးအနားရှိ ရွာသား ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကျန်နှစ်ဦးကို ညတွင်းချင်း ပြန်လည်လွှတ်မြောက်လာသည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“မနေ့ညက ရွာသား(၄)ဦးကိုတော့ ခေါ်သွားကြတယ်။ အနီးအနားပတ်ဝန်းကျင်က သူတွေရယ်၊ ပရိဘောဂဆိုင်က အစ်ကိုရယ်ပေါ့ ခေါ်သွားကြတာပဲ။ ညကပဲ ရွာသား(၂)ယောက်တော့ ပြန်လွတ်လာတယ်။ (၂) ယောက်တော့ ကျန်နေသေးတယ်။ ဒီနေ့လည်း လူကြီးတွေ ထပ်သွားရဦးမယ်။ ဘာလို့လဲဆိုတော့ ရွာသားတွေက အသားလွတ်ကြီး အစွပ်စွဲခံရတာဆိုတော့လေ။”ဟု သူက ပြောသည်။

အဆိုပါ Mytel ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲခံရမှုကြောင့် စက်ချို့ယွင်းပျက်စီးသွား၍ ဖုန်းလိုင်းများလည်း အကုန်ပြတ်တောက်သွားသည်ဟု အမည်မဖော်သူ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက ”အဲ့ဒီနေ့က မြင်တဲ့သူတစ်ချို့ပြောတာကတော့ လာလုပ်သွားတဲ့သူတွေက သူစိမ်း(၃)ယောက်ပါတဲ့။ ဥဒေါင်းနဲ့သိုက်တောကြားက တာဝါတိုင်ကို လာလုပ်သွားတာ။ အသံတော့ တော်တော်ကျယ်တယ်။ အဲ့လိုဖြစ်ပြီး မကြာဘူး။ လိုင်းတွေ ပျောက်ကုန်တယ်။ “ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များမှ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသလို အနီးအနားရှိကျေးရွာများတွင်လည်း စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာမည်ကို အနီးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများက စိုးရိမ်ကြောက်ရွံ့လျက်ရှိသည်ဟု သိရသည်။