Home သတင်း မယ်လစခန်းမှ ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် ၇ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့

မယ်လစခန်းမှ ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် ၇ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့

1375

ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှ စျေးဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် ၇ဦးကို ဖေဖော်ဝါရီလ ၁၄ရက်၊ ယမန်နေ့ နံနက်ပိုင်းက ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု စခန်းတွင်းနေထိုင်သူများက ပြောသည်။

၂၀၂၁ခု၊ ဒီဇင်ဘာလ ၁၄ရက်နေ့က ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုမှ ရုန်းရင်းဆန်ခတ်အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုထားပြီးနောက် ယခုလို စခန်းတွင်း နေထိုင်သူ ၇ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ စခန်းနေ ပြည်သူတစ်ဦးက “ကုန်စုံဆိုင်က ၂ ဆိုင်၊ ကွမ်းယာဆိုင်က ၁ဆိုင် အဲဒီမှာ ဝင်ရောက်ဖမ်းဆီး သွားတယ်ပေါ့နော်။ ကုန်စုံဆိုင်က တစ်အိမ်လုံးကို ဖမ်းခေါ်သွားတယ်။ ကွမ်းယာဆိုင်ကတော့ ၂ယောက် ဖမ်းသွားတယ်လို့ သိရတယ်။ အများက ယူဆတာတာ ပြီးခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နဲ့ နောက်ဆက်တွဲအနေနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာပဲပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ စခန်းတွင်းနေထိုင်သူ ၇ဦးကို ထိုင်းရဲများ လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်မှာ မှန်ကန်သော်လည်း ဖမ်းဆီးရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း စခန်းဥက္ကဌဖြစ်သူ စောအောနက်က ယခုလို ပြောသည်။

“အဲ့ကိစ္စကို ကျနော်တို့လည်း ဘာမှ မသိရဘူး။ သူတို့ မနက် ၅နာရီကျော်ကျော်လောက်ဖြစ်မယ်။ လာပြီးတော့ မိသားစု ၂စုနဲ့ စခန်းလုံခြုံရေးတစ်ယောက်လည်း ပါတာပေါ့။ အားလုံး ၇ယောက်လို့ကြားတယ်။ ကျနော်တို့လည်း ဘာမှ မသိရ ဘူး။ သူများလာမေးမှ သိရတာ။ သူတို့ကို မဲဆောက် ပို့လိုက်ပြီးထင်တယ်။ သူတို့က ဆိုင်ကြီးရောင်းတဲ့သူတွေ။ ဘာ ကိစ္စကြောင့် ဖမ်းလဲဆိုတာတော့လည်း မသိရဘူး။”ဟု စောအောနက်က ယနေ့ နေ့လည်တွင် ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ မယ်လစခန်းရှိ Zone-C 3A ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး မည်သည့်အကြောင်းကြောင့် ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံရသည်ကို သက်ဆိုင်ရာစခန်း တာဝန်ရှိသူများအပြင် ကရင်ဒုက္ခသည်များကော်မတီ(KRC) တာဝန်ရှိသူများကပါ မသိရှိရကြောင်းလည်း KRC ဥက္ကဌ စောရောဘတ်ထွေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “သူများဖမ်းတာကိုမှ ကျနော်တို့ သေချာမသိဘူး။ သူတို့အိမ်တွေအထိ သွားဖမ်းပြီး ခေါ်သွားတာပဲ။ အခုထိတော့ ကျနော်တို့ကို ဘာမှမပြောသေးဘူး။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ ၇ယောက်ထဲမှာတော့ အမျိုးသား ၃ဦးပါတယ် လို့တော့ ကြားတယ်။”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အပြင် ထိုင်းအာဏာပိုင်ဘက်က အဆိုပါကိစ္စအပေါ် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို မသိရသေးသလို KRC အနေ ဖြင့်လည်း ၎င်းတို့နှင့် လာရောက်ပြောဆို အသိပေးဆွေးနွေးမှုများမရှိသည့်အပေါ် ကြားဝင်ဖြေရှင်းပေးရန်မှာလည်း ပြောရခက်ကြောင်း စောရောဘတ်ထွေးက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ရက် ညက မယ်လဒုက္ခသည်စခန်းတွင် နှာခေါင်းစည်း(မာ့ခ်) မတပ်ထားသည့် ဆိုင်ကယ် စီးနင်းလာသူ စခန်းသားနှစ်ဦးအား စခန်းရှိ ထိုင်းအာဏာပိုင်ဖြစ်သူ (ပလပ်)က ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ဆိုင်ကယ်သိမ်း ဆည်းမှုဖြစ်စဉ်ဖြစ်ပွားရာမှ ထောင်နှင့်ချီသည့် ပြည်သူများ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ယင်းဆန္ဒပြမှုတွင် ထိန်းမရဖြစ်နေသည့် လူအုပ်ကြီးက စခန်းတာဝန်ရှိသူများအပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် ရုန်း ရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများ၏ ရုံးခန်းအဆောက်အဦးများ၊ ကားများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့မှု ကြောင့် စခန်းလုံခြုံရေးနေရာများနှင့် ကား၊ ဆိုင်ကယ်တချို့ ပျက်စီးမှုဖြစ်ပွားခဲ့သလို ဆန္ဒပြလူငယ်တချို့လည်း ထိခိုက် မှုရှိခဲ့သည်။