ဖေဖော်ဝါရီ ၅ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ။
ကရင်ပြည်နယ် မြဝတီမြို့ အနောက်မြောက်ဘက် ၉ မိုင်ခန့် အကွာရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ ၆ နယ်မြေ ကွင်းကလေးရွာဘက်သို့ ယနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ရွာသားတစ်ချို့ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ သဃင်္န်းညီနောင်အခြေချဗျူဟာကုန်းကနေ၍ ကွင်းကလေးရွာဘက်ကို လက်နက်ကြီး ၆ ချက်ခန့် စတင်ပစ်ခတ်မှုတွေရှိခဲ့တယ်” လို့ စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်ရခြင်းမှာ မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပစ်ခတ်ဖောက်ခွဲမည့်ဆိုသည့် သတင်းအရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့်အနေဖြင့် ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သူ၏အမြင်ကို ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်မှ ကွင်းကလေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည် ဟု ဒေသခံသတင်းအရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကွင်းကလေးရွာသားများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေပြီး ရွာသားတစ်ချို့လည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
ယခုလို စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော် ပစ်ခတ်မှုများကြောင့် တကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်မှုရှိနေသည်။
မြဝတီမြို့တွင် ပြီးခဲ့သည့် တစ်လအတွင်း မိုင်းပေါက်ကွဲမှုများ မရှိဘဲ လွန်ခဲ့သည့် ရက်သတ္တပတ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီထောက်ခံပွဲ ပြုလုပ်ပြီးစအချိန်တွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနံဘေး မြို့နယ် လျှပ်စစ်မီးရုံးအနီး လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ခဲ့သည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် ည ၁၂ နာရီဝန်းကျင်ခန့်ကလည်း အမှတ် ၄ ရပ်ကွက် ကမော္ဘဇဘဏ် (၃) အနောက်လမ်းတွင် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲပြီး အိမ်စီးကားတစ်စီး မှန်ကွဲကာ အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။




















