Home သတင်း ၁၄ နှစ်မြောက် ပဒိုမန်းရှာလားဖန်း အောက်မေ့ပွဲအခမ်းအနား ၎င်း၏ အုတ်ဂူရှိရာတွင် ပြုလုပ်

၁၄ နှစ်မြောက် ပဒိုမန်းရှာလားဖန်း အောက်မေ့ပွဲအခမ်းအနား ၎င်း၏ အုတ်ဂူရှိရာတွင် ပြုလုပ်

629

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၄ နှစ်မြောက် အောက်မေ့ပွဲ အခမ်းအနားကို ၎င်း၏အုပ်ဂူရှိရာနေရာတွင် နှစ်စဉ် အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြသည်။

ကျန်ရစ်သူ တော်လှန်ရေး လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်များ ဦးဆောင်၍ ယနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး အခမ်း အနားတွင် ကေအဲန်ယူ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း အစရှိသည့် ခေါင်းဆောင်များမှ တက်ရောက်၍ အောက်မေ့ဖွယ် အမှတ်တရ စကားများအသီးသီး ပြောဆိုသွားခဲ့ကြသည်။

ထိုသို့ အမှတ်တရ စကားပြောဆိုရာ၌ ပဒိုမန်းရှာလားဖန်းသည် မြန်မာပြည်၏ နိုင်ငံရေးလောကတွင် တော်လှန်ရေးလောက သာမက မြန်မာ့နိုင်ငံရေးတစ်ခုလုံးတွင် ဩဇာလွှမ်းမိုးမှု ကြီးမားခဲ့ကြောင်း၊ ထိုသို့ နိုင်ငံရေး ဩဇာကြီးမားလာမှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကျဆုံးရခြင်းသည် ကရင့်တော်လှန်ရေးအတွက်သာမက မြန်မာ့နိုင်ငံရေးအတွက်ပါ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့သူ ပဒိုစောသမိန်ထွန်းက ယခုလိုထည့်သွင်းပြောဆိုသွားခဲ့သည်။

“သူ့ရဲ့ ဩဇာက ကြီးမားတယ်။ တောမှာနေပေမဲ့ မြို့က နိုင်ငံရေးခေါင်း ဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ထိန်းချုပ်လို့ရတယ်။ အဲ့ဒီအဆင့်ထိရှိတယ်။ နောက်ပြီးမှလည်း တိုင်းရင်းသား တပ်ပေါင်းစုမှာလည်း သူက အကုန်လုံးချုပ်ကိုင်ပြီး စီမံကိန်းအတိုင်း သူလုပ်နိုင်တယ်။ သူ့ရဲ့ စီမံကိန်း၊ သူ့ရဲ့ လမ်းညွန်အတိုင်း အားလုံး လုပ်ရတယ်။ အဲ့လောက်ထိ သူ့ရဲ့ ဩဇာရှိတယ်” ဟု အခမ်းအနား၏ အမှတ်တရစကားတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။

ထို့အပြင် ယနေ့ကာလမျိုးတွင် ပဒိုမန်းရှာလားဖန်း သက်ရှိ ထင်ရှားရှိနေသေးပါက ယနေ့ ဖြစ်နေသည့် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ခေါင်းဆောင်နိုင်သူဖြစ်ကြောင်းလည်း ပဒိုစောသမိန်ထွန်းက ဆက်လက် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ယနေ့ ညနေ ပြုလုပ်သည့် အခမ်းအနားတွင် သက်ဆိုင်ရာ ခေါင်းဆောင်များအပြင် ကရင်လူငယ်ခေါင်းဆောင်များ၊ မဟာမိတ် ရဲဘော်လူငယ်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင် နှင့် ခေါင်းဆောင်များ အသီးသီးပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှတ်တရ စကားပြောကြားခြင်း၊ အလေးပြုခြင်း၊ မီးထွန်းခြင်းအပြင် လူငယ်စကားဝိုင်း အစီအစဉ်ပါ ထည့်သွင်းပြုလုပ်သွားခဲ့သည်။

ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒို မန်းရှာလားဖန်းသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်း၏ နေအိမ်တွင် မသမာသူများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ယနေ့ ကျရောက်သည့် သူ၏ အောက်မေ့ဖွယ်နေ့ကို ၎င်း၏ ဇာတိမြေရှိရာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ နယ်၊ တောကျောင်းကျေးရွာတွင်လည်း ကရင်လူငယ်များစုပေါင်း၍ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသလို အောက်မေ့ဖွယ်ကို အွန်လိုင်း လူငယ်စကားဝိုင်းများနှင့် အခြားသော နေရာဒေသ တချို့တွင်လည်း အောက်မေ့ပွဲအခမ်းအနားများ အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။