Home သတင်း ယခုလ ၁၃ ရက်အတွင်း ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၂၀၀၀ နီးပါးဖမ်းဆီးခံရ

ယခုလ ၁၃ ရက်အတွင်း ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၂၀၀၀ နီးပါးဖမ်းဆီးခံရ

1568

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ယခုလ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၃ ရက်နေ့အထိ ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း လုပ်သား ၂၀၀၀ နီးပါးခန့်ရှိကြောင်း ထိုင်းနယ်ခြားတပ်မှ ထုတ်ပြန်ထားသည့် သတင်းအရ သိရသည်။

၎င်းတို့သည် ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက် ၆ ခုအနက် မွန်ပြည်နယ် ဘုရားသုံးဆူ-ကန်ချနဘူရီနယ်စပ်၊ တနင်္သာရီတိုင်းမောတောင်-ထီးခီးနယ်စပ်နှင့် ကရင်ပြည်နယ် မြဝတီ-မဲဆောက် အစရှိသော နယ်စပ်ဝင်ပေါက်များမှတဆင့် ဝင်ရောက်လာမှုများကြောင်း မဲဆောက်မြို့ အခြေစိုက် ရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်သူ မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“လက်ရှိအချိန်က မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမငြိမ်သက်မှုကြောင့် အလုပ်အကိုင် ရှားပါးမှုနဲ့ ကြုံနေရ ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီ တစ်ချို့နဲ့ စက်ရုံအလုပ်ရုံ အတော်များများကလည်း ပိတ်ကုန်တဲ့အတွက် ပြည်တွင်းမှာ သိန်းနဲ့ချီတဲ့လုပ်သားတွေအလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီလိုအခြေအနေမှာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် သွားရောက်ခွင့် မရသေးတဲ့အတွက် မြန်မာလုပ် သားတွေဟာ ယခုလို ကယ်ရီခ ဘတ် ၂၅၀၀၀ မှ ၂၈၀၀၀ ထိပေးပြီး ပွဲစားတွေနဲ့ ချိတ်ဆက်ကာ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာကြခြင်းဖြစ်တယ်”ဟု ဦးမိုးကြိုးက ပြောသည်။

လတ်တလောအနေအထားအရ အေဂျင်စီတွေအနေနှင့် ထိုင်းကို နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် လူပို့နိုင်ရန်အတွက် လာမည့် ဧပြီလလောက်မှ စတင်နိုင်လိမ့်မည်ဟု ခန့်မှန်းသုံးသပ်မိကြောင်း မြဝတီနယ်စပ် အခြေစိုက် ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) ဥက္ကဋ္ဌ ဦးအောင်မြတ်က ပြောသည်။

“အခုမှ သံရုံးတွေမှာ (ထမန်း) လူခေါ်စာ တင်ဖို့ စည်းကမ်းချက်တွေ ထုတ်တဲ့ အဆင့်ပဲရှိသေးတယ်။ ပြီးတော့ MOU လုပ်မယ့် ကုန်ကျစရိတ်ရယ် ပို့ဆောင်မယ်ခရီးစဉ် လမ်းကြောင်းတွေကို အတည်တကျ မသတ်မှတ်ရ သေးဘူး။ အရင်လို မြဝတီနယ်စပ်ကနေတဆင့် ပို့မှာလား ။ ရန်ကုန်ကနေ လေယာဉ်နဲ့ ပို့မှာလားဆိုတာ အလုပ်သမား ဝန်ကြီးဌာနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ဒါတွေကို အသေးစိတ်ဆွေး နွေးနေဆဲပါ။ ဒါကြောင့် အေဂျင်စီတွေအနေနဲ့ ထိုင်းကို လူပို့နိုင်ဖို့က လာမယ့် ဧပြီလ လောက်မှ စတင်နိုင်လိမ့် မယ်” ဟု ဦးအောင်မြတ်က ခန့်မှန်းသုံးသပ်သည်။

ထို့အပြင် လက်အချိန်တွင် ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား (CI) အမျိုးအစား ပတ်စ်ပို့ နှင့် နေထိုင်ခွင့် အထောက်အထားများ ပြုလုပ်ပေးနေချိန်ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ကြုံနေရသည့် မြန်မာလုပ် သားများမှာ ပွဲစားများထံ ကယ်ရီခ အဆမတန်ပေးကာ ထိုင်းသို့တရားဝင်နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုများရှိ နေဆဲဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

သို့သော် ထိုင်းနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်အတွက် တရားမဝင်နယ် စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာလုပ်သားများမှာ နေ့စဉ်လိုလို ဖမ်းဆီးခြင်းခံနေကြရသည်။