Home သတင်း ပုလောဒေသတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထား၊ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ပြောဆို

ပုလောဒေသတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထား၊ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ပြောဆို

1815

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေ၊ ပုလောမြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင် KNU ၏ အကာအကွယ်ပေးမှုအပြည့်အဝ မရရှိသောကြောင့် ဒေသတွင်း ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပုလော)-KPDF ကို ဖွဲ့စည်းထားရပြီး တပ်ဖွဲ့ဝင်များအတွက် အထောက်အပံ့အကူအညီ များလိုအပ်နေကြောင်း ဦးဆောင်ဖွဲ့စည်းသူများက ပြောသည်။

KNU ၏ ထိန်းချုပ်မှုဒေသတွင်ရှိနေသော်လည်း ဒေသခံအရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းခံရမှုများမှ အကာအကွယ်ပေးမှု အပြည့်အဝ မရရှိကြခြင်းအပေါ် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများမှ ကိုယ်ထူကိုယ်ထ ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိရကြောင်း ဦးဆောင် ဖွဲ့စည်းမှု တွင်ပါဝင်သူ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဒီက ကေအဲန်ယူ ခေါင်းဆောင်တချို့က စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေရှိတော့ ဒီကဒေသခံတွေကို ဂရု မစိုက်ကြဘူး။ စစ်တပ်က ရွာသားတွေကို အတင်းအဓမ္မအကြမ်းဖက်လုပ်လာရင် သူတို့ ဘာတစ်ခုမှ တာဝန်မယူပေးဘူး။ တချို့ ရွာသားတွေပဲ ပြန်ခုခံရတယ်။ ပြန်ကာကွယ်ရတယ်။ အဲ့ဒါကြောင့် ဒီ KPDF ကို ပြန်ဖွဲ့လိုက်တာ။ “ ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အဖွဲ့ကို ယခင်က လျှို့ဝှက်ဖွဲ့စည်းထားပြီး ဒေသခံရွာသားများကို အခြေခံ စစ်သင်တန်းများ ပေးထားသော်လည်း ယခုနှစ်ဇန်နဝါရီ ၁၄ ရက်နေ့မှသာ အဖွဲ့ ဖွဲ့စည်းထားကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာထားပြီး ယနေ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း အဖွဲ့၏ တပ်ဖွဲ့ဝင်များအတွက် စစ်ဖက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ လိုအပ်ကြောင်းလည်း ထုတ်ပြန်ကြေ ညာထားသည်။

ပုလောမြို့နယ်သည် အပစ်ရပ် သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ကေအဲန်ယူ ထိန်းချုပ်နယ် မြေဖြစ်သောကြောင့် အာဏာသိမ်းပြီးချိန်တွင် KPDF ကို ဖွဲ့စည်းထားခြင်းမရှိသော်လည်း အပစ်ရပ် (NCA)ကို အလေးမထားဘဲ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖိနှိပ်လာသဖြင့် KPDF ကို ပုလောမြို့နယ် ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေ ညာထားခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အတူတကွ ပူးပေါင်း ပါဝင်ရန်၊ ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများကို ပိုမိုလုံခြုံမှုပေးနိုင်ရန်နှင့် ဖက်ဒရယ် (Federal Army) ပေါ်ပေါက်ရာတွင် အထောက်အကူဖြစ်စေရန်ဟူ၍လည်း ရည်ရွယ်ဖော်ပြထားသည်။

ပုလောဒေသတွင်း KPDF ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ KNU တာဝန်ရှိ သူများကို ဆက်သွယ်မေးမြန်း သော်လည်း ယခုအချိန်ထိ ဆက်သွယ်မေးမြန်နိုင်ခြင်း မရှိသေးပေ။