Home COVID-19 ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်ရောဂါကြောင့် လူသေဆုံးမှုရှိလာနေ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်ရောဂါကြောင့် လူသေဆုံးမှုရှိလာနေ

1191
Photo: CJ

ဖေဖေါ်ဝါရီ ၂၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့နောက်ပိုင်း ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီးနောက် ယခုအချိန်တွင် လူသေဆုံးမှုရှိလာပြီဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီဖွင့်လှစ်ထားသည့် မူလတန်းစာသင်ကျောင်းမှ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာ ကျောင်းသား/ကျောင်းသူများထံတွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိ၍ စာသင်ကျောင်းအချို့ကိုလည်း ယာယီပိတ်ထားလိုက်သည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။

“ကိုဗစ်ရောဂါကြောင့် မနေ့က လူတစ်ဦး သေဆုံးသွားတယ်။ သက်ကြီးပိုင်းပါပဲ။ ရောဂါအခံလည်း ရှိနေတယ်။ ဆေးရုံမှာ ပိုးတွေ့လူနာတွေ ထပ်တိုးလာတယ်။”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

ယခုတကျော့ပြန် ပြန်လည်ကူးစက်မှုရှိလာသည့် ကိုဗစ်ရောဂါကို ကာကွယ်ရန်အတွက် ပြည်သူလူထုများအားလုံး ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းလိုသည်ဟုလည်း အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်က ဖြည့်စွက် ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအချို့တွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိသည့်အတွက် သွားလာမှုူကန့်သတ်ခြင်း၊ စာသင်ကျောင်းအချို့ ယာယီပိတ်ထားခြင်းနှင့် ကိုဗစ်ကာကွယ်ရေးစင်တာများပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း နေကြပြီး နှစ်ပတ်အတွင်း လူ ၃ဝ ကျော် ကိုဗစ်ရောဂါ ကူးစက်ခံရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ များထံမှ သိရသည်။

နှာစေးချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဖျားနာခြင်း စသည့်ရောဂါလက္ခဏာ များကို ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအများစုတွင် ရွာလုံးကျွတ် ဖြစ်ပေါ်နေလျက်ရှိပြီး ဆေးရုံ၊ ဆေးခန်းရှိ ကျန်းမာ ရေးဝန်ထမ်းလုံလောက်မှုမရှိသည့်အတွက် ဆေးကုသနိုင်ရန် အခက်အခဲရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဖေဖေါ်‌ဝါရီ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၃၃၈၁ ဦး ပိုးတွေ့ရှိပြီး ရောဂါကြောင့် လူပေါင်း ၁၉၃၄၉ ဦး သေဆုံးခဲ့ကြ ရသည်။ ကရင်ပြည်နယ်အနေဖြင့် မြဝတီ၊ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကိုဗစ်လူနာ ၁၅၃ ဦး ထပ်မံတွေ့ရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။