Home သတင်း စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် PDF ကို ရှင်းလင်းရန်အတွက်သာဖြစ်ကြောင်း KNU တပ်မဟာ(၅)မှူး ပြောဆို

စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် PDF ကို ရှင်းလင်းရန်အတွက်သာဖြစ်ကြောင်း KNU တပ်မဟာ(၅)မှူး ပြောဆို

220

ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု ရည်ရွယ်ချက်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ချေမှုန်းရန်အတွက်သာဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ဖေဖော်ဝါရီလ ၁၄ရက် ယနေ့တွင် မူတြော် ခရိုင်သတင်းစဉ်သို့ ပြောဆိုထားသည်။

“လက်ရှိ PDF အနေအထားက သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေတယ်ဆိုတာ သူတို့ သိတယ်။ အဲဒါ ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင် PDF ကို ရှင်းလင်းမှု တွေ လုပ်ဆောင်မယ်ပေါ့။ ဒါက သူတို့အစီအစဉ်တစ်ခုပဲ။”ဟု ဗိုလ်မှူးချုပ်စောမူဟဲက ကရင်ဘာသာဖြင့် ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီသည် အဖက်ဖက်မှ အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို အခွင့်အရေးရယူနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက် လုပ်ဆောင်လာ ခြင်းဖြစ်ပြီး ၎င်းတို့တွင် အခက်အခဲတစ်စုံတစ်ရာမရှိပါက မည်သည့်အခါမျှ ငြိမ်းချမ်းရေးကမ်းလှမ်းလာမည်မဟုတ်ဘဲ အပြတ်ချေမှုန်းရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်လိမ့်မည်ဟုလည်း ဗိုလ်မှူးချုပ်စောမူဟဲက ဆက်ပြောသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် စိန်ရတုပြည်ထောင်စုနေ့ ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့်အဖွဲ့အပြင် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်သည်ဆိုပြီး စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၆ရက်နေ့က ကမ်းလှမ်းခဲ့မှုအပေါ် KNLA တပ်မဟာ(၅)၊ တပ်မဟာမှူးက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ် သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကရင်ပြည်နယ်)-ပ.က.ဖ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆာ့ကပေါ်က “PDF ကိုရော၊ တော်လှန်ရေးအင်အားစုအားလုံးကိုရော ချေမှုန်းရလွယ်ကူအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာသာဖြစ်တယ်လို့ ပြောလိုပါတယ်။ စကစဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော ဘက်ပေါင်းစုံက အထိနာနေချိန်မှာ ထာဝရငြိမ်းချမ်း ရေးဆိုပြီး ကမ်းလှမ်းလာတာ သူတို့အနေနဲ့ ဘယ်လိုမှ အခြေအနေမဟန်တော့မှန်း သိနေလိုပဲဖြစ်တယ်။ ပြည်တွင်း ရော၊ နိုင်ငံတ ကာကပါ စကစကိုသိလာတော့ နည်းလမ်းဟောင်းအတိုင်း ဆောင်ရွက်နေတာလို့ပဲ မြင်တယ်။ ဒီလိုကမ်း လှမ်းမှုမျိုးကိုလည်း အကြိမ်ကြိမ် သင်ခန်းစာ ရပြီးသားလည်းဖြစ်တယ်။ အကြိမ်ကြိမ်လည်း ခံစားခဲ့ကြပြီး လည်း ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပေါက်ဖွား လာသည့်အတွက် ညီညွတ်မှုအားကောင်းနေပြီး ယခုလို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ် စုပေါင်းဦးဆောင်မှုဖြင့် တော် လှန်နေသည့်အချိန်တွင် ထိုအတုအယောင်ကမ်းလှမ်းမှု ပြုလုပ်လာခြင်းသည် မည်သို့ ဦးတည်နေသည်ကို ကြိုသိနိုင် သည်ဟုလည်း စောဆာ့ကပေါ်က ဆက်ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရော၊ KNU/KNLA ရော၊ PDF ရော၊ ကျနော်တို့ တော်လှန်ရေးအင်အားစုများ အားလုံး ညီညွတ်မှုကို အခွင့်ကောင်းယူပြီးတော့ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်မယ်။ အရဲစွန့်မှုတွေကို ဆောင်ရွက်မယ်။ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ယုံကြည်ချက်နဲ့ နောင်မျိုးဆက်နဲ့ နောက်ထပ်မျိုးဆက်တွေကို အခုနေနေရတဲ့ နိုင်ငံမျိုးထက်သာ တဲ့ ပိုကောင်းတဲ့နိုင်ငံမျိုးမှာနေကြရအောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု သူက ပြောသည်။

စစ်ကောင်စီကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ အပစ်ရပ်စာချုပ်(NCA) လက်မှတ် ထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ KNU/KNLA -ငြိမ်းချမ်းရေးကောင်စီ(PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် တာဝန်မှ အနားယူထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပ လာယာခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။

ထို့အပြင် NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသော ရက္ခိုင့်တပ်တော်(AA/ULA)၊ ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် မိုင်းလားအဖွဲ့(NDAA)တို့ ကိုယ်စားလှယ်အသီး သီး တက်ရောက်ခဲ့ကြသည်ဟုလည်း မီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

၎င်းအခမ်းအနားကို တက်ရောက်ခဲ့သည့် KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ DKBA၊ RCSS/SSA၊ ALP၊ NMSP၊ LDU စသည့် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၆ဖွဲ့အပြင် အပစ် မရပ်သေးသည့် ULA/AA အဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ငြိမ်းချမ်းရေး ညှိနှိုင်းကော်မတီတို့ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် နေပြည်တော်ရှိ MICC 2 ၌ သီးခြား တွေ့ဆုံခဲ့ကြသည်ဟု သတင်းမီဒီ ယာအချို့က ဖော်ပြထားသည်။

စစ်ကောင်စီ၏ အဆိုပါ စိန်ရတု ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသည် အတုအယောင်သာဖြစ်၍ KNU ခေါင်းဆောင်များ မတက်ရောက်ခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်စောမူဟဲက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

သူက “ဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ စစ်ကောင်စီက အခွင့်အရေးရယူဖို့အတွက် လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါ တယ်။ အဲဒါ ရန်သူရဲ့ပရိယာယ်ကို ကျနော်တို့ခေါင်းဆောင်တွေက မသိရင် မှားနိုင်တယ်ပေါ့နော်။ သူတို့တွေ မသွားကြ တာ ကျနော်တို့ ကရင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။”ဟု ပြောသည်။

စစ်ကောင်စီ၏ ၇၅နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်းဖြင့် ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရထံမှ အတင်းအဓမ္မ အာဏာသိမ်းယူပြီး တိုင်းရင်းသား ပြည်သူများအပေါ် အစုအပြုံလိုက် နှိပ်စက်၊ သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်သဖြင့် ထိုအခမ်းအနား တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လျက်ရှိသည်။