Home သတင်း တစ်ရက်တည်း အတူပြန်လာသည့် ထိုင်းပြန်မြန်မာလုပ်သား ၁၉၉ ဦးထဲမှ ၁၀၁ ဦးတွင် ကိုဗစ်ပိုးတွေ့

တစ်ရက်တည်း အတူပြန်လာသည့် ထိုင်းပြန်မြန်မာလုပ်သား ၁၉၉ ဦးထဲမှ ၁၀၁ ဦးတွင် ကိုဗစ်ပိုးတွေ့

925

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် တစ်ရက်တည်းအတူ ဝင်ရောက်လာသည့် ထိုင်းပြန်မြန် မာလုပ်သား ၁၉၉ ဦးထဲမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၀၁ ဦးထိရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ထိုင်း-မြန်မာ အမှတ် ၂ ချစ် ကြည်ရေးတံတားမှတဆင့် ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာလုပ်သား ၁၉၉ ဦးအား မြဝတီနယ်စပ်ရှိ Quarentine Center များတွင် ထားရှိပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၎င်းတို့အား ကိုဗစ်ပိုးရှိမရှိစစ်ဆေးရာ ထိုထဲမှအမျိုးသား ၆၄ ဦးနှင့် အမျိုးသမီး ၃၇ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း နှင့် ၎င်းတို့ကို မြဝတီမြို့ရှိ ကိုဗစ်စင်တာများတွင် ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း မြဝတီခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေရပ်ပြန် မြန်မာလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ယခင် ရက်တွေက ပြန်လာသူတွေ ထဲမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ပါလာသူ သိပ်မတွေ့ရဘူး။ ဆယ်ကဏန်း အောက်ပဲရှိတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့က ပြန်လာသူ ၁၉၉ ယောက်ထဲမှာ ၁၀၁ ယောက် ကိုဗစ်ပိုးတွေ့တယ်ဆိုတော့ ပိုးတွေ့မှုက ၅၀ ရာခိုင်နှုန်းတောင်ကျော်နေပြီးလေ။ ဒါဟာ မြဝတီနယ်စပ်အတွက် အတော်လေးကို သတိထားရမှာပါ။”ဟု ပြောသည်။

ထို့အပြင် နေရပ်ပြန် ကြိုဆိုမှု ပြုလုပ်ပေးနေသော မြဝတီနယ်စပ် အမှတ် ၂ တံတားမှ ဌာနဆိုင်ရာ ဝန်းထမ်းများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် ငွေလဲပေးသူများ၊ ဈေးသည်များ၊ ပို့ဆောင်နေရာချပေးသည့် ယာဉ်မောင်းနှင့် ယာဉ်အကူများကိုလည်း ဆက်စပ်ထိတွေ့မှုရှိနိုင်သည့် Contact Persons များစွာရှိနေသည်ဟုလည်း ၎င်းနေရပ်ပြန် မြန်မာလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူက ဆက်ပြောသည်။

“အခုဟာက ဖေဖော်ဝါရီ ၅ ရက်နေ့က ဝင်လာတဲ့သူတွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှ ဆေးစစ်လို့ တွေ့တာဆိုတော့ ကြားထဲမှာ ၇ ရက်လောက် ကြာထားတယ်။ ယခုလို ရောဂါပိုးရှိတဲ့ နေရပ်ပြန်တွေနဲ့ ထိတွေ့မှု ရှိနိုင်တဲ့ Contact Persons ကို စနစ်တကျ မထိန်းချုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အဲ့လိုမှ မဟုတ်ရင် မြဝတီမြို့တွင်းမှာ တကျော့ပြန် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပြန်လည် မြင့်တက်လာမှာကို စိုးရိမ်မိပါတယ်” ဟု မြဝတီမြို့ခံ ကိုသိန်းရွှေက ပြောသည်။

ထိုင်းနိုင်ငံအတွင်းမှ ပြန်လာသည့် မြန်မာလုပ်သားများကို ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ရက်သတ္တပတ် တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး ၊ စနေစသောရက်များမှာ တစ်ရက်ကို လူ ၂၀၀ နှုန်းဖြင့် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့်လက်ခံပေးလျက်ရှိကြောင်း မြဝတီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ပြောထားသည်။

ထိုသို့ နေရပ်ပြန်လာသူများကိုလည်း မြဝတီနယ်စပ်တွင် ဖွင့်လှစ်ထားသည့် Quarentine Center (၄)ခုတွင် (၁၀) ရက်တိတိ ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မရှိသူများကို ၎င်းတို့ ပြန်လိုသည့် ပြည်နယ်နှင့်တိုင်းအလိုက် နေရပ်များသို့ ကားသီးသန့် အစီအ စဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။ ရောဂါပိုးရှိသူများကိုမူ ကိုဗစ်စင်တာများတွင် သီးသန့်ထားကာ ဆေးဝါးကု သပေးပြီး ကိုဗစ်ကင်းစင်မှသာ ၎င်းတို့ပြန်လိုသည့် နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။