ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် ဈေးတက်လာသည့်အပြင် မြဝတီနယ်စပ်သို့ သွားလာသည့်ခရီး သည်များ နည်းပါးလာပြီး ဒေသအသီးသီးမှ မြဝတီသို့ ကားလိုင်းပြေးဆွဲနေသည့် ကားသမားများလည်း အခက်တွေ့ရ သည်ဟု သိရသည်။
အာဏာသိမ်းပြီး နောက်ပိုင်းမှစတင်ပြီး စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာသည့်အပြင် မြဝတီသွားသည့် ခရီးသည် နည်းပါးလာသည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်စီးကားနှင့် ကားပြေးဆွဲနေသည့် ကားသမားအချို့ အလုပ်ရပ်နားရသလို အချို့မှာ ခရီးသည်ပုံမှန်မရဘဲ ခက်ခဲသည့်ကြားမှ ကားပြေးဆွဲနေရသည်ဟု ကားသမားများက ပြောဆိုသည်။
ဖားအံ-မြဝတီ ကားမောင်းနေသည့် ကားသမားတစ်ဦးက “အခု ကျနော်ကားလိုင်းဆွဲတာ အရင်လိုအဆင်မပြေတော့ ဘူး။ ဓာတ်ဆီဈေးက တအား ထိုးတက်လာတော့ မိသားစု စားဝတ်နေရေးထက် ကားဆီဖိုးရအောင် မနည်းရှာနေရ တယ်။ တစ်ခေါက်ထွက်လိုက်ရင် ကားဆီဖိုးနဲ့ ဂိတ်ကြေး၊ ထမင်းစားတာနဲ့ တစ်ရက်ကို တစ်သောင်းနှစ်သောင်းလောက် ကျန်တယ်။ မကျန်တဲ့ရက်တွေရှိတယ်။ တစ်ခါတလေ ဆီဖိုးစိုက်ရတာမျိုးရှိတယ်။ ဓာတ်ဆီဈေးတက်ပေမယ့်လည်း ခရီးသည်ကားခကိုတော့ တိုးယူလို့မရဘူး။ မလွယ်တဲ့ကြားက မိသားစုစားဝတ်နေရေးအတွက် ရှာစားရတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင်အချိန် ယခင် ဓာတ်ဆီဈေးနှုန်းမှာ 92 တစ်လီတာလျှင် ၅၀၀ကျပ်ဝန်းကျင်၊ 95 တစ်လီ တာလျှင် ၆၀၀ကျပ်ဝန်းကျင်ရှိခဲ့ရာကနေ ယခုအချိန်တွင် 92 တစ်လီတာ ၁၆၀၀ကျပ်ဝန်းကျင်နှင့် 95 တစ်လီတာ ၁၇၀၀ ကျပ်ဝန်းကျင်အထိ စက်သုံးဆီဈေးနှုန်းမှာ ထိုးတက်သွားခဲ့သည်။
ဖားအံမှ မြဝတီသို့သွားပါက လမ်းတွင် ပုံမှန် ဂိတ်ကြေးပေးနေရသည့် ဂိတ် (၄)ခုရှိပြီး အိမ်စီးကားဖြစ်ပါက ၅၀၀ကျပ် ပေးနေရသည့် ဂိတ်ရှိသလို ၁၅၀၀ကျပ် ပေးနေရသည့်ဂိတ်ရှိသည်ဟု သွားလာနေသည့် ကားသမားများထံမှ သိရသည်။
ယခင်က ဖားအံ-မြဝတီသွားလာရာတွင် ခရီးသည်တစ်ဦးကို ကားခ တစ်သောင်း(၁၀၀၀၀)ကျပ် သတ်မှတ်ခဲ့ရာမှ ယခု အချိန်တွင် တစ်သောင်းငါးထောင်(၁၅၀၀၀)ကျပ်အထိ ကားခတိုး၍တောင်းခံရသည့်အပြင် ခရီးသည်ရရှိရန် ခက်ခဲ သည့်ရက်များတွင် ခရီးသည်နှစ်ဦးနှင့် အမြတ်ငွေမကျန်ဘဲ ကားထွက်ရသည်များလည်း ကားသမားများက ပြောသည်။
အခြားကားသမားတစ်ဦးကလည်း “ဒီကာလမှာ တစ်ခြားအလုပ်ပြောင်းဖို့လည်း မရှိဘူးလေ။ ကိုယ့်မှာ စားဝတ်နေရေး အတွက် ဒီအလုပ်ပဲ လုပ်လာတာ။ တချို့ခရီးသည်တွေကလည်း ကိုယ့်ဖောက်သည်လိုဖြစ်တော့ သွားရတာပဲ။ ဒါက ကားသမားတွေတိုင်း ကြုံတွေ့ရတာပဲ။ အခုက လမ်းမှာ တိုက်ပွဲဖြစ်ရတာလည်း ကြောက်ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၂၀ခုနှစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပွားမှုကြောင့် ထိုင်း-မြန်မာ မြဝတီနယ်စပ်ဂိတ်မှာ ပိတ်ထားသည့် အတွက် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများ၊ ကုန်သည် များ ခရီးသည်သွားလာမှုအပေါ် မှီခိုကာ အသက်မွေးဝမ်းကြောင်းပြုနေသည့် တစ်ပိုင်တစ်နိုင် ကားသမားများအပေါ် များစွာ သက်ရောက်မှုရှိခဲ့သည့်အပြင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးများကြောင့် ခရီးသွားလာမှု ပိုမိုနည်းပါးသွားခြင်းနှင့် ကုန်ဈေးနှုန်းအားလုံးမြင့်တက်သည့်အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ကားသမားများက ပြောဆိုနေကြသည်။