Home သတင်း ပစ်ခတ်မှုများထပ်ဖြစ်ပါက တစ်ရွာလုံး မီးရှို့ပစ်မည် ဟု စစ်ကောင်စီ တပ် ခြိမ်းခြောက် ပြောဆို

ပစ်ခတ်မှုများထပ်ဖြစ်ပါက တစ်ရွာလုံး မီးရှို့ပစ်မည် ဟု စစ်ကောင်စီ တပ် ခြိမ်းခြောက် ပြောဆို

758

ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂ဝ၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်တို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေး ရွာအနီး၌ ပစ်ခတ်ခဲ့ကြပြီးနောက် ပစ်ခတ်မှုထပ်မံဖြစ်ပွားပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ကျေးရွာဒေသခံများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ခေါ်ယူခြိမ်းခြောက်ပြောဆိုမှုရှိခဲ့သည်ဟု သိရှိရ သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာအနီးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက် အောက်ခံ KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၇)တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာတာဝန်ယူရှိသူများကို ခေါ်ယူတွေ့ဆုံကာ ထိုကဲ့သို့ ခြိမ် းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း တဂေးရွာ နှင့် နီးစပ်သူများက ပြောဆိုသည်။

“KNU က သူတို့တပ်ကို ထပ်ပစ်မယ်ဆိုရင် တဂေးတစ်ရွာလုံးကို မီးရှို့ပစ်မယ်။ ဒီထက် ဆိုးဝါးအောင် လုပ်ပစ်မယ်။ ရွာသားတွေက ကြောက်ကြတော့ မနေရဲတော့ဘူး။ ပုန်းရှောင်နေကြရတယ်။ သူတို့ရွာမှာပဲ ဆက်ရှိနေရင် ဘာမှ လုပ်ကိုင်စားသောက်လို့ မရဲတော့ဘူးပေါ့နော်။ တဂေးရွာကိုလည်း ကူညီပေးကြပါလို့ ပြောချင်တယ်။”ဟု စစ်ရှောင် နေကြသည့် တဂေးရွာသားများနှင့် သိကျွမ်းသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုနေ့က ဖြစ်ပွားခဲ့သော KNLA တပ်ရင်း(၁၇)နှင့် စစ်ကောင်စီတပ် ခလရ(၄၃၂)တပ်ရင်းတို့ တဂေးရွာအနီး တိုက်ပွဲ တွင် စစ်ကောင်စီတပ်ဘက်မှ ၇ဦး ကျဆုံးပြီး ၃ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။

အဆိုပါပစ်ခတ်ခဲ့မှုတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် တဂေးရွာရှိ ရွာခံတစ်ဦး၏ နွားတစ်ကောင် ထိမှန်ကာ သေသွားပြီး ရွာသားအချို့မှာလည်း စစ်ကောင်စီတပ်၏ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် ခြင်းခံခဲ့ရကြောင်း တဂေးရွာသားများနှင့် နီးစပ်သူများက ပြောသည်။

တပ်အင်အား ၆၀ခန့်ရှိ အဆိုပါစစ်ကောင်စီတပ် ခလရ(၄၃၂)တပ်ရင်းသည် လက်ရှိ တဂေးရွာတွင် ကင်းပုန်းချကာ နေထိုင်လှုပ်ရှားလျက်ရှိသည့်အတွက် ရွာသားများမှာ စိုးရိမ်ကြောက်လန့်စွာ သွားလာနေရသည်ဟု မြေပြင်သတင်းအရ သိရသည်။