Home Facts Checking News ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂ဝကျော်အထိ ရှိလာနေ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂ဝကျော်အထိ ရှိလာနေ

1898
Photo: Naing Lin Aung

ဖေဖော်ဝါရီ ၂၁ရက်၊ ၂ဝ၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝရက်နေ့ကစပြီး ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာခဲ့ရာ ယနေ့အထိ လူ ၂ဝကျော် ကူးစက်ခံထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရ သည်။

ကြာအင်းဆိပ်ကြီးမြို့ မူလတန်းစာသင်ကျောင်းမှ ကျောင်းသူတစ်ဦးထံတွင် ဖေဖေါ်ဝါရီ ၁ဝရက်နေ့က ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြန်လည်တွေ့ရှိခဲ့ပြီး အခြားဆက်စပ်သူများထံ ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်မှု ပိုများလာသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “လတ်တလော ကူးစက်ခံထားရသူ ၂၅ဦးရှိနေတယ်။ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံထားရတယ်။ ရောဂါပြင်းထန်တဲ့အဆင့်တော့ မရှိကြပါဘူး။ ကာကွယ်ဆေးတွေ အားလုံးထိုးနှံကြဖို့ ပြော ချင်တယ်။”ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက်က ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအသီးသီး၌လည်း ဖေဖော်ဝါရီ ၁၅ရက်နေ့နောက်ပိုင်းတွင် ကျေးရွာအလိုက် နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာသည့် ကူးစက်မြန် ရောဂါလက္ခဏာများ ဖြစ်ပွားလာပြီး ဒေသအတွင်း ဆေးရုံ၊ ဆေးပေးခန်း တွင် ဝန်ထမ်းမရှိတော့သည့်အတွက် ဒေသခံအများစု ဆေးကုသမှု ခံယူနိုင်ရန် အခက်အခဲရှိနေသည်ဟု ရွာသားများထံ မှ သိရသည်။

ဝင်းရော်ဒေသခံ မဇာခြည်က “ရွာလုံးကျွတ် ရွာတိုင်းမှာကို ဖျားနာနေကြတယ်။ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံး ကူး တာပါပဲ။ ကိုဗစ်လား၊ အိုမီခရွန်လား မပြောတတ်ဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာ ဆရာမတွေ မရှိတော့ ညအချိန် ရောဂါထဖြစ်တဲ့အခါဆို နီးစပ်ရာဆရာတွေထံ လိုက်ကုသရတာ မလွယ်ကူဘူးပေါ့နော်။ ဘယ်သူ့ကို အားကိုးရမှန်း မသိ တော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် လူ ၇ဝကျော် သေဆုံးခဲ့ကြရပြီး ကျေးရွာအသီးသီးတွင် လည်း ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူ အများအပြားလည်းရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရ သည်။