Home တွေ့ဆုံမေးမြန်းခန်း ပဒို‌စောသမိန်ထွန်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပဒို‌စောသမိန်ထွန်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1555

ပဒို‌စောသမိန်ထွန်းနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

“အရင့်အရင် ‌နေရာက ဖြစ်ခဲ့တဲ့ အမှားမျိုး‌တွေကို မဖြစ်‌အောင် လူငယ်‌တွေက သင်ခန်းစာယူပြီးမှ ‌ကောင်းသထက်‌ကောင်း၊ မှန်သထက်မှန် ဒီနည်းလမ်း‌တွေကို ရှာပြီးမှ လုပ်သွားဖို့ ကျ‌နော် အထူး‌ပြောလိုပါတယ်။ ” ပဒို‌စောသမိန်ထွန်း

ယ‌နေ့ ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၃ နှစ်‌မြောက်ကရင့်‌တော်လှန်‌ရေး‌နေ့အတွက် KNU ၏ ဝါရင့်နိုင်ငံ‌ရေးသမားလည်းဖြစ်၊ ဗဟိုအမြဲတမ်း‌ကော်မတီဝင်လည်းဖြစ်သူ ပဒို ‌စောသမိန်ထွန်းအား လတ်တ‌လော နိုင်ငံ‌ရေးဖြစ်ထွန်းမှုနှင့် ကရင့်‌တော်လှန်‌ရေး အနာဂတ်နှင့်ပတ်သက်ပြီး ‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌မေး- လက်ရှိ ဖြစ်‌ပေါ်‌နေတဲ့ နိုင်ငံ‌ရေး အ‌ခြေအ‌နေနဲ့ ကရင့်‌တော်လှန်‌ရေးရဲ့ အနာဂတ်အလားအလာအ‌ပေါ် ကနဦး သုံးသပ်‌ပေးပါ။
ဒီက‌နေ့ ဖြစ်ရှိ‌နေတဲ့ နိုင်ငံ‌ရေး အ‌ခြေအ‌နေနဲ့ ကရင့်‌တော်လှန်‌ရေးရဲ့ ‌လျှောက်လှမ်းရမယ့် ခရီးက တချို့‌နေရာ‌တွေက တစ်ဆို့မှု‌တွေရှိ‌နေတယ်‌လေ။ ပထမပိုင်းက ကျ‌နော်တို့က NCA ကို အ‌ခြေခံပြီးသွား‌နေ‌ပေမဲ့ အခုလိုပဲ စစ်အာဏာရှင်‌တွေက အာဏာသိမ်းလိုက်‌တော့ အ‌ခြေအ‌နေအမျိုးမျိုး‌ပြောင်းသွားတာ‌ပေါ့။ NCA နဲ့ ဆက်သွားလို့လည်းမရ ‌တော့ဘူး။ ဒါ‌ပေမဲ့ NCA ကိုလည်း ပစ်ပယ်လို့မရဘူး။ ကျ‌နော်တို့ နိုင်ငံ‌ရေး ပစ်မှတ်တစ်ခု အ‌နေနဲ့ ထားရမှာ။ ဒါ‌ပေမဲ့ အခုရှိ‌နေတဲ့ လမ်း‌ကြောင်းအ‌ပေါ်မှာက‌တော့ ကျ‌နော်တို့ ဘာလုပ်ရမှာလဲ။ လုပ်ရမယ့်ဟာက အမျိုးမျိုး‌တွေး‌ခေါ်စရာ‌တွေ ဖြစ်တာ‌ပေါ့။

အဲ့‌တော့ ဖြစ်ရှိ‌နေတဲ့ အ‌နေအထား‌ပေါ်မှာပဲ နိုင်ငံ‌ရေးတိုက်ပွဲကို ကျ‌နော်တို့ ကျန်တဲ့ အင်အားစုနဲ့ ‌ပေါင်းပြီးမှ လုပ်‌ဆောင်သွားဖို့ပဲ လိုပါတယ်။ ဒီလို မလုပ်ရင်ရင် ကျ‌နော်တို့ရဲ့ လမ်း‌ကြောင်းကို ဖွင့်လို့ရမှာ မဟုတ်ဘူး။ အဲ့ဒါ ကျ‌နော်တို့ ‌ကေအဲန်ယူရဲ့ ‌တော်လှန်‌ရေး လမ်း‌ကြောင်း‌တွေပွင့်‌အောင် တခြား အင်အားစု‌တွေနဲ့ ‌ပေါင်းပြီးမှ နည်းလမ်းတစ်ခုကို ရှာပြီး‌တော့မှ လုပ်သွားဖို့ပဲ လိုပါတယ်။ အဲ့လိုမှပဲ ရမယ်။

‌မေး- ‌တော်လှန်‌ရေး သက်တမ်းတစ်‌လျှောက် အဖွဲ့အစည်းအတွင်း အကွဲအပြဲ‌တွေက အမြဲတမ်းရှိ‌နေခဲ့တဲ့အ‌ပေါ် ၇၃ နှစ်ပြည့်‌နောက်ပိုင်း ‌ရှေ့ဆက်ကရင့်‌တော်လှန်‌ရေး အနာဂတ်အ‌ပေါ် အကျိုးသက်‌ရောက်မှု‌တွေ ဘယ်လို ရှိလာနိုင်သလဲ။
ဒါက‌တော့ ကျ‌နော်တို့အတွက် သိပ်မဆန်းပါဘူး။ ကျ‌နော်တို့ ‌ကေအဲန်ယူ စတင်ဖွဲ့စည်းကတည်းကပဲ မတူကွဲပြား မှု‌တွေ ရှိခဲ့တာကိုး။ ‌နောက်တစ်ခါ ‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်လာ‌တော့လည်း မတူကွဲပြားမှု‌တွေက ရှိလာတာပဲ။ ဒါ‌ပေမဲ့ ‌တော်လှန်‌ရေး သမိုင်း‌ရေစီး‌ကြောင်းက‌တော့ သူ့ပါသူ သွားလျက်သွား‌နေတာပဲ။ ဒီ ကွဲပြဲတယ်ပဲ ‌ပြော‌ပြော ဒီ အယူအဆမတူညီတာ‌တွေက သူ့ပါသူ ထွက်သွား‌ပေမဲ့ ပင်မ‌ရေစီး‌ကြောင်းက ‌တောက်‌လျှောက် သွား‌နေတာပဲ။ ဒီ က‌နေ့လည်း ဒီအတိုင်းပါပဲ။ ပင်မ ‌ရေစီး‌ကြောင်းက ‌တောက်‌လျှောက် သွား‌နေတာပဲ။ အယူ အဆ မတူသူ‌တွေ က‌တော့ ရှိတာပါပဲ။

အဲ့‌တော့ အ‌ရေးကြီးတာက အယူအဆ မတူသည်ဖြစ်‌စေ၊ တူသည်ဖြစ်‌စေ ပူး‌ပေါင်းပြီး ‌ဆောင်ရွက်သွား ဖို့က အ‌ရေးကြီးတယ်။ သူများ‌တွေ ‌ပြော‌နေကြ စကားလို Unity in Diversity ‌ပေါ့။ မတူကွဲပြား မှုကို ပူး‌ပေါင်းပြီးမှပဲ ‌ရှေ့ဆက်သွားဖို့က အ‌ရေးကြီးပါတယ်။ အဲ့လို လုပ်ရင် ရနိုင်ပါတယ်။ ‌တော်လှန်‌ရေးက ပန်းခင်းတဲ့လမ်းမှ မဟုတ်တာ။ အမြဲတမ်း အတစ်အဆို့‌တွေနဲ့ပဲရှိ‌နေတာ။ တစ်ဖက်မှာ ကျ‌နော်တို့ ရင်ဆိုင်‌နေရ တဲ့ ရန်သူကလည်း ပုံစံအမျိုးမျိုးနဲ့ ရှိ‌နေတာကို။ ဒီစစ်အာဏာရှင် ပြီးသွားရင် ဘာရင်ဆိုင်ရအုံးမလဲ ‌ပြောလို့ မရဘူး‌လေ။ ဒါ‌ကြောင့်မိုလို့ မတူကွဲပြားမှုကို ပြန်လည်စုစည်းပြီးမှ တူညီချက်တစ်ခုကို ယူပြီး ကျ‌နော်တို့ သွားရင် ရနိုင်ပါတယ်။

‌မေး- လက်ရှိ ‌နွေဦး‌တော်လှန်‌ရေးရဲ့ အလားအလာနဲ့ ကရင့်‌တော်လှန်‌ရေး အနာဂတ်ကို ဘယ်လို နှိုင်းယှဉ်သုံး သပ် ချင်လဲ၊ အာဏာသိမ်း စစ်အုပ်စုရဲ့ အနာဂတ်ကို‌ကော ဘယ်လို မြင်‌နေရလဲ။
ဒီက‌နေ့ ‌နွေဦး‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်လာတဲ့ လူငယ်‌တွေရဲ့ ဖြစ်ထွန်းမှုကို‌တော့ ကျ‌နော်ဘာမှ မ‌ပြောလိုပါဘူး။ လူငယ်‌တွေရဲ့ စိတ်ဓါတ်က တက်ကြွတယ်၊ အမှန်တရားလိုလားတယ်။ ဒီအ‌ပေါ်မှာ သူတို့ အသက်‌ပေးပြီး‌တော့မှ လုပ်‌ဆောင်ချင်တယ်။ ဒါ‌ပေမဲ့ သူတို့ကို ကျ‌နော်‌ပြောချင်တာက နှလုံးသားခံစားချက်နဲ့ လုပ်တာမဟုတ်ဘဲနဲ့ ဦး‌နှောက်နဲ့ ဆင်ခြင်သုံးသပ်ပြီးမှလုပ်ရင် ပိုပြီးမှ‌ကောင်းတယ်လို့ ‌ပြောချင်တယ်။

ဒီက‌နေ့ ‌ရွေး‌ကောက်ပွဲမှာ အာဏာရ‌ပေမဲ့ လူထု‌ထောက်ခံမှုနဲ့ တက်လာ‌ပေမဲ့ အာဏာမရှိဘူး ဖြစ်‌နေတဲ့ NLD အစိုးရ။ အဲ့က‌နေ ဆင့်ပွားလိုက်တဲ့ အခု‌ပြော‌နေတဲ့ NUG ညွန့်‌ပေါင်းအစိုးရတို့မှာ အမှန်က သူတို့ဘက်မှာ အမှန်တရား‌တွေက အများကြီးရှိတယ်။ ဒါ‌ပေမဲ့ နည်းဗျူဟာပိုင်းမှာ ညံ့ဖျင်းရင်‌တော့ အဲ့ဒါက ရှုံးနိမ့်ရင်လည်း ရှုံးနိမ့်သွားမယ်။ ဒါ‌ပေမဲ့ ဗမာပြည်ရဲ့ ငြိမ်းချမ်း‌ရေး အ‌ခြေအ‌နေက ကြာရင်လည်း ကြာမယ်။

စစ်အာဏာရှင်ဘက်က ‌ပြောရရင်‌တော့ သူတို့က လူထုကို သတ်တယ်။ ရွာ‌တွေမီးရှို့တယ်၊ လူထုပစ္စည်းကို လုတယ်။ ‌နေရာတိုင်းမှာ လက်နက်အားကိုးနဲ့ လုပ်တယ်ဆို‌တော့ သူက ဘယ်‌လောက် အင်နဲ့ အားနဲ့ လုပ်လုပ် လတ်တ‌လောမှာ သူက နိုင်တယ်လို့ ‌ပြောထား‌ပေမဲ့၊ အာဏာထိန်းထားနိုင်‌ပေမဲ့ လူထုက ‌အော့နှလုံးနာလာရင် အကယ်၍ မလွဲသာလို့ ‌ရွေး‌ကောက်ပွဲ ပြန်လုပ်ရနိုင်‌ပေမဲ့ ဒါ‌ပေမဲ့ သူ့ကို မဲထည့်ကြ‌တော့မှာ မဟုတ်ဘူး။ ဘာဖြစ်လဲ ဆို‌တော့ အခု သူတို့ရဲ့ လုပ်ပုံ‌တွေက အားကြီး လွန်လွန်းသွားပြီး။ ကိုယ့်ရဲ့ ပြည်သူကို ရန်သူလို့ သ‌ဘောထားပြီး လုပ်တာ‌တွေ ဖြစ်လာတယ်။ အဲ့ဒါ‌တွေက သူ့ရဲ့ အားနည်ချက်ပဲ။ လတ်တ‌လောမှာ သူ ထိန်းထား နိုင်‌ပေမဲ့ ‌ရေရှည်မှာ သူမရနိုင်ဘူး။ ဒီအတိုင်းသာ ဆက်လုပ်ရင် တိုင်းပြည် ဘဏ္ဍာ‌ငွေက မရှိ‌တော့ရင် သူတို့ ဘာ‌တွေနဲ့ ဆက်လုပ်မလဲ။ အဲ့‌တော့ တိုင်းပြည်‌ရောင်းစားရုံရှိတာ‌ပေါ့။

အဲ့‌တော့ ကျ‌နော်အမြဲ‌ပြော‌နေကြရှိတယ်။ NLD ကို‌ကော၊ စစ်‌ကောင်စီကို‌ကော၊ ပြည်သူကို‌ကော ‌ပြောချင် တာက ကျ‌နော်တို့ ဒီပုံစံအတိုင်း ဘတပြန်ကျားတပြန် အနိုင်ရလိုက် လုပ်လိုက်ဆိုရင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ပြောတဲ့ နိုင်ငံတစ်ခု ဖြစ်သွားမှာပဲလို့ ကျ‌နော်က‌တော့ ‌ပြောချင်တယ်။

‌မေး- ဒီ ကရင့်‌တော်လှန်‌ရေး ၇၃ နှစ်ပြည့်ပြီးတဲ့အ‌ပေါ်မှာ ‌ရှေ့လာမဲ့ ‌တော်လှန်‌ရေး ကာလ‌တွေမှာ ကိုယ့်ကရင် ပြည်သူ‌တွေအပြင် လူငယ်‌တွေ ‌တော်လှန်‌ရေး အင်အားစု‌တွေအ‌ပေါ် ဘယ်လို တိုက်တွန်း ‌ပြောဆိုချင်လဲ။
အနာဂတ်ကို ဘယ်လို သွားကြမလဲ။ ဒီလိုသာ ကိုယ်အာဏာရလိုက် ကိုယ့်ရဲ့ အတိုက်အခံ အုပ်စုကိုဖိလိုက်၊ တစ်ဖက်က အာဏာရလိုက် အတိုက်အခံအုပ်စုကို ဖိလိုက် ဒီအတိုင်းသွားရင် တိုင်းပြည်က မရဘူး။ ကျ‌နော်တို့က ကြည့်ရမှာက တိုင်းပြည်ရဲ့ အနာဂတ်‌ကောင်းမွန်‌အောင် ကြည့်ရှုရမယ်။ ပြည်သူလူထုရဲ့ ဘဝ ငြိမ်းချမ်း သာယာစွာနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ကြည့်ရှုရမယ်။ ဒီပုံစံသွားမှ ရမယ်၊ ဒီပုံစံမသွားရင် မရနိုင်ဘူး။ မင်းတို့ အာဏာရတုန်းက ငါတို့ကို ဒီလိုလုပ်ထားတယ်။ ငါတို့ အာဏာရရင် ဒီလို ပြန်လုပ်မယ်ဆိုရင်‌တော့ ဒီတိုင်းပြည်ကြီးက ပျက်စီးမှာပဲ။

‌ကေအဲန်ယူရဲ့ လမ်းစဉ်က မှန်ပြီးသားပဲ။ မှန်လိုပဲ ဒီ‌လောက်ထိ ကျ‌နော်တို့ ၇၃ နှစ်အထိ ရပ်တည်နိုင်တာ။ မှား‌နေရင် ဒီအထိ ရပ်တည်နိုင်မှာမဟုတ်ဘူး ပျက်တာကြာပြီး။ အဲ့‌တော့ အခု အ‌ခြေအ‌နေကို ဆုပ်ကိုင်ပြီးမှ နည်းဗျူဟာပိုင်းမှာ နည်းနည်းလိုမယ်လို့ ထင်တယ်။ နည်းဗျူဟာ ညံ့ဖျင်း‌နေ‌တော့ မဟာဗျူဟာရဲ့ ‌ရှေ့ဆက်သွား ရမယ့်ခရီးကို တစ်ဆို့မှု‌တွေဖြစ်‌စေတယ်။ ဒါက ကျ‌နော်တို့ ‌ကေအဲန်ယူ တစ်ဦးတည်း မဟုတ်ဘူး။ မြန်မာပြည် မှာရှိတဲ့ နိုင်ငံ‌ရေးသမားအားလုံး နိုင်ငံ‌ရေးပါတီအားလုံးက ဒါကို သိရှိထားဖို့လိုတယ်။

အဲ့‌တော့ ‌ရှေ့ဆက်‌လျှောက်ရမယ့် ခရီးမှာ ကျ‌နော်က နည်းဗျူဟာပိုင်းကိုပဲ ကျ‌နော်အဓိက ‌ပြောချင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ‌မော်စီတုန်း ‌ပြောခဲ့တာရှိတယ်။ ဒီထမင်းပန်ကန်ထဲက ထမင်းကို အကုန်စားမယ်။ အဲ့ဒါက မဟာဗျူဟာ။ ဒါ‌ပေမဲ့လက်‌တွေ့စားတဲ့အခါကျ‌တော့ တစ်လုတ်ချင်းစားရမယ်။ အဲ့ဒါက နည်းဗျူဟာ။ အဲ့‌တော့ မဟာဗျူဟာနဲ့ နည်းဗျူဟာက အဆင်‌ပြေမှုရှိတယ်ဆိုရင် ကျ‌နော်တို့က ‌စော‌စောစီးစီး ‌အောင်ပွဲရမှာပဲ။ တိုင်းပြည်ကြီး ငြိမ်းချမ်းမှာပဲ၊ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုကြီး တည်‌ဆောက်နိုင်မှာပဲ။

အဓိက ‌ပြောရမယ်ဆိုရင် အဂ္ဂမဟာဗျူဟာ‌ပေါ့ဗျာ။ နှစ်‌ပေါင်း ၅၀၊ ၁၀ဝ ‌လောက်မြင်နိုင်တဲ့ ဗျူဟာ‌ပေါ့။ ကိုယ့်ရဲ့ မဟာဗျူဟာကိုချပြီး ကျ‌နော်တို့ နည်းဗျူဟာကို ‌ဆောင်ရွက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ကြီးက ငြိမ်းချမ်း သွားမှာပဲ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ တိုင်းပြည်ရဲ့ အ‌ခြေအ‌နေက ‌ကေအဲန်ယူ တစ်ဦးတည်းလုပ်သွားလို့မရဘူး။ တခြား နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်း‌တွေလည်းရှိတယ်၊ တစ်ဖက်က စစ်‌ကောင်စီလည်းရှိ‌နေတယ်။ ဒီလူ‌တွေ အားလုံး ဒါကို နားလည်မှ ကျ‌နော်တို့ တိုင်းပြည်က ‌ရှော‌ရှောရှူရှူ ငြိမ်းချမ်းမယ်။

အဲ့‌တော့ အားလုံးကို ‌ပြောချင်တာက တိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ပါ။ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ပါ။ တိုင်းပြည်က ဆုတ်ယုတ်ပျက်စီးသွားရင် မ‌ကောင်းပါဘူး။ ပြည်သူလူထု‌တွေ ထိခိုက်နစ်နာသွားရင်လည်း မ‌ကောင်းပါဘူး။ သွားရမယ့် ခရီးက ‌တော်‌တော်ကြီးကို ကြာပါအုံးမယ်။ ဒါ‌ပေမဲ့ စိတ်ရှည်ဇွဲရှိဖို့လိုတယ်။ ဒါ‌ကြောင့် လူငယ်‌တွေကို ‌ပြောချင်တာက ဒီမပြီးဆုံး‌သေးတဲ့ မြန်မာပြည်ရဲ့ ပြဿနာ‌တွေကို ဆက်လက်ပြီး လူငယ်‌တွေက ‌ဆောင်ရွက်သွားဖို့က သူတို့မှာ သမိုင်း‌ပေးတာဝန်ရှိတယ်။ ရှိတဲ့‌နေရာမှာ အရင့်အရင် ‌နေရာက ဖြစ်ခဲ့တဲ့ အမှားမျိုး‌တွေကို မဖြစ်‌အောင် လူငယ်‌တွေက သင်ခန်းစာယူပြီးမှ ‌ကောင်းသထက်‌ကောင်း၊ မှန်သထက်မှန် ဒီနည်းလမ်း‌တွေကို ရှာပြီးမှ လုပ်သွားဖို့ လူငယ်‌တွေကိုလည်း ကျ‌နော်အထူး‌ပြောလိုပါတယ်။