ပြည်သူတွေရဲ့ လှိုက်လှဲတဲ့အားပေးမှုတွေနဲ့ လေးကေ့ကော်
မောင်ကျော်စွာ
(၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်)
လေးကေကော်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လာတော့ သေနတ်သံအမြောက်သံတွေထက် KNU ဘက်ကနေ အားပေးကြတဲ့အသံတွေက ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိတာကို မြင်ရ ကြားရ ဖတ်ရပါတယ်။
ဒီလို လှိုက်လှဲတဲ့အားပေးမှုမျိုးကို ၁၉၈၈ခုနှစ် မတိုင်မီနဲ့ ၁၉၈၈ နောက်ပိုင်းကာလတွေမှာ မရရှိခဲ့ကြဖူးပါဘူး။ တစ်ပြည်လုံး ပြည်သူလူထုရဲ့ နိုးကြားမှုနဲ့ နိုင်ငံနဲ့အဝန်းကျယ်ပြန့်လာတဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုဆိုတဲ့ အကြောင်းအ ချက် ၂ခုကြောင့် အဲဒီလို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ထက်သန်တဲ့အားပေးမှုတွေကို ရရှိခဲ့ကြတာပါ။ တစ်ပြည်လုံး ပြည်သူလူထု ရဲ့ နိုးကြားမှုက ပိုပြီး အဓိကကျတယ်လို့ မြင်ပါတယ်။
တစ်ပြည်လုံး ပြည်သူလူထုရဲ့ အဓိကဆန္ဒက မင်းအောင်လှိုင်- စိုးဝင်း အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ ခါးပိုက် ဆောင်တပ်တွေ မြန်မြန်ပြိုကွဲ ရှုံးနိမ့်သွားစေချင်တာပါပဲ။ ဒါကြောင့် ခါးပိုက်ဆောင်တပ်တွေရဲ့အရှုံးကို ပြည်သူအများစု က အချိန်နဲ့အမျှ နားစွင့်နေခဲ့ကြတာပါ။ ခါးပိုက်ဆောင်တပ်တွေရဲ့အရှုံးနဲ့ ပြည်သူတွေရဲ့အောင်ပွဲဟာ တစ်ခုနဲ့တစ်ခု ခွဲမရတဲ့ အဆုံးနဲ့ အစပါပဲ။ ခါးပိုက်ဆောင်တပ်တွေရဲ့ အရှုံးဟာ စစ်အုပ်စုရဲ့ အဆုံးနိဂုံးဖြစ်ပြီး တစ်ပြိုင်နက်ထဲမှာ စစ် အုပ်စုရဲ့အရှုံးဟာ ပြည်သူတွေအဖို့ သမိုင်းစာမျက်နှာသစ်အစပဲ မဟုတ်ပါလား။
ခါးပိုက်ဆောင်တပ်တွေ ရှုံးနိမ့်တာ၊ သေကြေဒဏ်ရာရတာ စတဲ့သတင်းတွေ ကြားသိရပြီဆိုရင် ပြည်သူတွေ က ဝမ်းသာကြတယ်။ ဘာကြောင့်လဲ။ လူမျိုးပေါင်းစုံပြည်သူတွေဟာ သွေးဆာနေလို့လား။ မဟုတ်ပါဘူး။ လုံးဝ မဟုတ် ပါဘူး။ ဒါဟာ အင်မတန်သဘာဝကျတဲ့ လူ့သဘာဝတစ်ခုပါ။ ရှင်းပြပါရစေ။
၁၉၆၂ခုနှစ် မတိုင်မီကရော ၁၉၆၂ခုနှစ်နောက်ပိုင်းမှာရော၊ ၁၉၈၈ခုနှစ် မတိုင်မီကရော၊ ၁၉၈၈ နောက်ပိုင်း ကာလတွေမှာရော အခုနောက်ဆုံး အာဏာသိမ်းခဲ့တဲ့ (၁-၂-၂၀၂၁)ရက်နေ့ မတိုင်မီနဲ့ နောက်ပိုင်းကာလတွေမှာ လူမျိုး ပေါင်းစုံပြည်သူတွေဟာ စစ်အုပ်စု၊ စစ်အာဏာရှင်နစ်၊ စစ်ဗြူရိုကရေစီယန္တရားကို လုံးဝ မလိုလားကြောင်း ရွေးကောက် ပွဲတွေမှာ ဆန္ဒမဲပေးတာ အပါအဝင် လမ်းမပေါ်ထွက်ပြီး အုပ်စိုးသူအဆက်ဆက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြ ပါတယ်။
ဘယ်ကာလမှာပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ စတင်ခဲ့သောဆန္ဒဟာ စစ်ဖိနပ်တွေ သေနတ်သံတွေနဲ့ အကြမ်းဖက် နင်းချေဖျက်ဆီးချေမှုန်းတာကိုပဲ ဆက်တိုက်ဆိုသလို အကြိမ်ပေါင်းများစွာ ခံလာခဲ့ကြရတာချည်းပဲ ဖြစ်ပါ တယ်။ ဒီလို အကြိမ်ပေါင်းမြောက်များစွာ သွေးမြေကျခဲ့ရတဲ့ ခါးသီးသော ဘဝအတွေ့အကြုံက စစ်အုပ်စုကို အကုန်အ စင် ချေမှုန်းသုတ်သင်ပစ်လိုတဲ့ ဆန္ဒကို သဘာဝကျစွာ ပေါက်ဖွားကြီးထွား ခိုင်မာလာစေခဲ့ပါတယ်။ ရရာ လက်နက်စွဲ ကိုင်ပြီး ခုခံတော်လှန်လာစေပါတယ်။
ဒီလိုနဲ့ စနစ်တကျ စုဖွဲ့လေ့ကျင့်ထားတဲ့၊ ခေတ်မီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ခါးပိုက်ဆောင် စစ်တပ် ကြီးကို နိုင်ငံနဲ့အဝန်း ပြည်သူတွေရဲ့သားသမီးတွေဟာ တူမီးလိုသေနတ်တွေကိုင်ပြီး တောင်ပေါ်၊ ကျေးလက်၊ မြို့ပြအနှံ့ ခုခံတိုက်ခိုက်တော်လှန်လာကြပါတယ်။ ဒီအခါမှာ ကျန်တဲ့ မိဘပြည်သူများအနေနဲ့ မိမိသားသမီး လူငယ်လူရွယ်တွေ လက်နက်ကိုင်ခုခံ တော်လှန်နေတာကို အထိအခိုက်၊ အကျအဆုံးမရှိ အောင်ပွဲ အမြန်ရစေလိုကြတယ်။ အကြမ်းဖက် ခါးပိုက်ဆောင်တပ်တွေ အရှုံးကြီး ရှုံးစေလိုကြတယ်။ ခါးပိုက်ဆောင်တပ်တွေ များနိုင်သမျှများများ သေဆုံးဒဏ်ရာရဖို့ ဆုတောင်းကြတယ်။ ကျိန်စာတိုက်ကြတယ်။ ကျဆုံးတဲ့အခါမှာလည်း ဝမ်းသာပျော်ရွှင်ကြတယ်။ အဖြေက ဒါပါပဲ။ အင်မတန် တရားတဲ့အဖြေလည်း ဖြစ်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိတ်ခံစားမှုလည်းဖြစ်ပါတယ်။ ဒါကြောင့် အထက် တစ်နေရာမှာ အင်မတန် သဘာဝကျတဲ့ လူ့သဘာဝတစ်ခုပါလို့ ရေးသားဖော်ပြခဲ့တာပါ။
အကြမ်းဖက် ခါးပိုက်ဆောင်တပ်က ဆန္ဒပြပွဲတွေမှာ လက်နက်မဲ့ပြည်သူတွေ၊ လူငယ်တွေရဲ့ဦးခေါင်းကို ချိန် ရွယ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်။ ဒဏ်ရာရသူတွေကို သယ်ဆောင်ပေးတဲ့ ပရဟိတကားတွေနဲ့ ပရဟိတသမား တွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ထိုးနှက်ကန်ကြောက်ခဲ့တယ်။ သားသမီးကို ဖမ်းလို့မမိတဲ့အခါ သက် ကြီးရွယ်အို မိဘကို ဖမ်းတယ်။ မိဘကို ဖမ်းလို့မမိတဲ့အခါ သားသမီးကို၊ လင်ယောက်ျား ဖမ်းလို့မမိတဲ့အခါ ဇနီးကို ဖမ်း တယ်။ ဇနီးမယားကို ဖမ်းလို့ မမိတဲ့အခါ လင်ယောက်ျားကို ဓားစားခံလုပ်ပြီး ဖမ်းတယ်။ ရုပ်ပိုင်းစိတ်ပိုင်းနည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်တယ်။ ဖမ်းဆီးတဲ့အခါမှာလည်း လူ့သိက္ခာကို ချိုးဖဲ့ပြီး၊ ဖမ်းဆီးရမိတဲ့ ဓာတ်ပုံတွေဖော်ပြရာမှာလည်း အလားတူပဲ လူ့သိက္ခာကို စော်ကားတဲ့ပုံတွေ တမင်ရိုက်ပြီး ရုပ်သံနဲ့သတင်းစာတွေမှာ ဖော်ပြခဲ့တယ်။
ဒီလို အကြမ်းဖက်မှုမျိုးစုံကို နှစ်ပေါင်းများစွာ ခါးခါးသီးသီး၊ နာနာကျင်ကျင် ရင်ဆိုင်လာရတဲ့ ပြည်သူတွေဟာ မင်းအောင်လှိုင်း – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်တွေ၊ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ ဒလျှို ဒလန်တွေ၊ အုပ်ကြီးတွေ သေတာကို ဝမ်းသာတာ ဘာမှ မဆန်းကျယ်တော့ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်နေအိမ်၊ ကိုယ့်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပစ်တဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်တဲ့ ဒုက္ခမျိုးစုံကို မရပ်မနား ပေးနေတဲ့သူတွေ သေတာဟာ ဘယ်လောက်ဝမ်းသာပြီး ကျေနပ်စရာကောင်းတဲ့ကိစ္စ ဖြစ်ပါသလဲ။
အခြားတစ်ဖက်မှာ ပြည်သူတွေရဲ့ စိတ်ခံစားမှုဟာ KNU ကဖြစ်စေ၊ ပြောက်ကျားတပ်ဖွဲ့တွေဖြစ်စေ ရဲဘော် တွေ ကျဆုံးဒဏ်ရာရတဲ့အခါ ကိုယ့်သွေးသားရင်းချာတွေ ထိခိုက်သလို စိတ်ထိခိုက်ကြတယ်။ မျက်ရည်စက်လက်နဲ့ ဂုဏ်ယူကြရတယ်။ ဂုဏ်ပြုနေကြတယ်။ စစ်မက်ဘေးကနေ ဘေးလွတ်ရာပြေးကြရတဲ့ သက်ဆိုင်ရာ ဒေသခံပြည်သူ တွေအတွက် လောလောဆယ် လိုအပ်ချက်တွေကို တတ်နိုင်သလို ဝိုင်းဝန်းကူညီကြတယ်။ ကူညီကြဖို့ တိုက်တွန်းကြ တယ်။ ထည့်ဝင်ကြတယ်။ ဒါတွေဟာ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ မွန်မြတ်မြင့်မားတဲ့ ယဉ်ကျေးမှုနဲ့ လူသားဆန်မှုတွေ ပါပဲ။
လေးကေ့ကော်ဖြစ်ရပ်မှာ ဒီစိတ်ဓာတ်၊ ဒီသဘောထားတွေကို ပိုပြီး ထင်ထင်ရှားရှားမြင်ရတယ်။ KNU က လက်ရဖမ်းမိထားတဲ့ ခါးပိုက်ဆောင်တပ်သားတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ၊ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ကိုင်တွယ်တာ တွေမြင်ရတော့ မချင့်မရဲဖြစ်ကြတယ်။ လူမဆန်တဲ့ကောင်တွေကို လူလို မဆက်ဆံသင့်ဘူးလို့ ဆန္ဒအရ ပေါက်ကွဲကြ တယ်။ ဒီလိုဆန္ဒအရ ပေါက်ကွဲကြပေမယ့် သုံ့ပန်းတွေကို သုံ့ပန်းပေါ်လစီနဲ့အညီ ကိုင်တွယ်တာကို ပြည်သူတွေက လက်တွေ့ကျကျ ထောက်ခံကြပါတယ်။
ပြည်သူတွေရဲ့အဆုံးစွန်ဆန္ဒက အုပ်စိုးသူအဆက်ဆက်ကို တော်လှန်ခဲ့၊ တော်လှန်ဆဲဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တညီတညွတ်ထဲ တပြိုင်နက်ထဲ တော်လှန်စေချင်တာပါ။ ဒါမှာ နိုင်ငံနဲ့အဝန်း အသစ်ပေါ်ထွက်လာတဲ့ ပြောက်ကျားအဖွဲ့မျိုးစုံအတွက် ပိုပြီး အားရှိမယ်။ ခါးပိုက်ဆောင်တပ်တွေလည်း မြန်မြန် အထိ နာမယ်၊ သေမယ် မဟုတ်ပါလား။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေမှာလည်း ‘ကိုယ့်ဝမ်း နာ ကိုယ်သာသိ’ ဆိုသလို NCA စာချုပ်နဲ့ ချည်နှောင်ခံထားရလို့ အလွယ်တကူ မလှုပ်နိုင်၊ မရှားနိုင်ကြသေးပါဘူး။ အကြမ်းဖက်စစ်အုပ်စုဟာ အင်မတန် ကောက်ကျစ်တယ်၊ ပရိယာယ်ဝေဝုစ်များတယ်။ ‘တောင်ဖက်’ က လေးကေကော် မှာ NCA စာချုပ်ထဲက KNU နဲ့ တိုက်နေပေမယ့် ‘မြောက်ဖက်’ က မိုင်းလားမှာ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဆီပြေးပြီး မြှူဆွယ် အချိုသပ် လေပြေထိုးနေတယ် မဟုတ်ပါလား။
ဒါကြောင့် အထက်မှာတင်ပြခဲ့သလို ပြည်သူတွေရဲ့ ခါးသီးတဲ့ နှစ်ပေါင်းများစွာ လက်တွေ့ဘဝကနေ တိုက်ရိုက် သင်ယူရရှိလာတဲ့ မှန်ကန်တဲ့အသိက အကြမ်းဖက်စစ်အုပ်စု လုံးဝ ရှုံးနိမ့်ပြီး ပြည်သူတွေ လုံးဝ အောင်ပွဲခံရမယ်ဆိုတဲ့ အသိဖြစ်ပါတယ်။ သွေးဆာတဲ့ ရန်လိုမုန်းတီးမှုမျိုးနဲ့ လုံးဝ ကွဲပြားခြားနားပါတယ်။
တစ်နည်းအားဖြင့် ဒါဟာ အကြမ်းဖက်ဖိနှိပ်မှုကို ဟိုးယခင်ကလို ဆက်ပြီးငုံ့ခံနေလို့ မဖြစ်ဘူး၊ ရရာလက်နက်စွဲ ကိုင်ပြီး ခုခံတော်လှန်ရမယ်။ “အောင်ပွဲကို ငါတို့ပြည်သူတွေပဲ ရရှိရမယ်” ဆိုတဲ့အဆင့်ထိ မြင့်မြင့်မားမားရရှိလာတဲ့ စွဲမြဲတဲ့အသိလည်း ဖြစ်နေတယ်။ ပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို အကုန်အစင် ချေမှုန်းပြီး ညီညွတ်ငြိမ်းချမ်းတဲ့ ခေတ်မီတိုင်းပြည်ထူထောင်ဖို့ နှစ်နှစ်ကာကာ လိုလားကြတယ်။ ဒီဆန္ဒနဲ့ ဒီအသိဟာ အင်မတန် မြင့်မားတဲ့ ယဉ်ကျေးမှု ဖြစ်တယ်။
အဲဒီလို လူမျိုးပေါင်းစုံပြည်သူများက နိုးကြားတက်ကြွနေတဲ့ ပတ်ဝန်းကျင်နဲ့ ရေခံမြေခံမှာ အင်အားစုဟောင်း /သစ် အားလုံးဟာ ဘုံရန် စစ်အုပ်စုဆန့်ကျင်ရေးဆိုတဲ့ တစ်ခုတည်းသော ဦးတည်ချက်အောက်မှာ သွေးစည်းညီညွတ် ကြပြီး ခါးပိုက်ဆောင်တပ်တွေကို ပြတ်ပြတ်သားသားချေမှုန်းရေးဟာ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ တကယ့်ရင်တွင်း ဆန္ဒပဲ ဖြစ်ပါတယ်။ ဒီပြည်သူ့ဆန္ဒကို မြန်နိုင်သမျှမြန်မြန် လက်တွေ့ အကောင်အထည်ဖော်ပေးကြပါလို့ အလေးအနက် တိုက်တွန်းပါရစေ။