ဒီဇင်ဘာ ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် ကော့နွဲကျေးရွာအုပ်စုရှိ အံကလော်ရွာနှင့် ရွာသစ်ကုန်းကြားတွင် ယနေ့နံနက် (၇)နာရီဝန်းကျင်က စတင်ဖြစ်ပွားသည့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအမြောက်အများအသုံးပြုပစ်ခတ်သည့်အတွက် အနီးနားရှိ ဒေသခံ ၁၀၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံကျေးရွာတာဝန်ရှိသူတစ်ဦးက “တိုက်ပွဲအခြေအနေက တအားတင်းမာမှုရှိလာတဲ့အခါကျတော့ ကော့နွဲကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၆ရွာစလုံးက ထွက်ပြေးတိမ်းရှောင်နေရတယ်ခင်ဗျ။ ထွက်ပြေးတိမ်း ရှောင်တဲ့ လူဦးရေတွေက ၁၇၉၇ ဦးလောက် စာရင်းရယူထားပါတယ်။ အိမ်ထောင်စုက ၃၅၆ အိမ်ထောင်ရှိပါတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။
တပ်အင်အား ၁၀ဝ ကျော်ပါ စစ်ကောင်စီတပ် ခလရ (၂၀၁)နှင့် ခလရ(၃၁၀)တပ်ရင်းသည် ကေအဲန်ယူ ထိန်းချုပ်နယ် မြေ ဒူးပလာယာခရိုင် (တပ်မဟာ-၆)၊ ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမအနီး မနွယ်ကုန်းဘက်သို့ တက်လာရာတွင် မြို့ဟောင်းရွာအနီး အံကလော်ချောင်းအထိ နယ်ကျော်ဝင်ရောက်လာသည့်အတွက် နယ်မြေခံ KNLA တပ်ရင်း ၁၈၊ ၂၇ ပူးပေါင်းအဖွဲ့နှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု KNLA တာဝန်ရှိသူထံမှ သိရသည်။

“ အာရှလမ်းအနီးမှာ သူတို့လိုက်လှည့်တာ ၂ ရက်ရှိပြီး။ ဒီနေ့ မနွယ်ကုန်းဘက်တက်လာတော့ ကျနော်တို့ရဲဘော်တွေနဲ့ တွေ့တော့ပစ်ခတ်မှုဖြစ်တာပေါ့။ လက်နက်ကြီးနဲ့လည်း တော်တော်များများ သူတို့ပြန်ပစ်တာရှိတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်တာမရှိဘူး။ သူတို့ဘက်တော့ ထိခိုက်တာရှိတယ်။ ထိခိုက်တဲ့လူတွေကိုလည်း သူတို့ ကားနဲ့လာသယ်တာရှိတယ်။ အသေးစိတ်တော့ မရသေးဘူး” ဟု KNLA တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။
ယခင်ရက်များက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် လူအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း ယနေ့ တိုက်ပွဲတွင်မူ ထိခိုက်ပျက်စီးမှု အခြေအနေကို မကြားသိရသေးကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များရှိနိုင်သည့် ရွာများဘက်သို့ လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်း ထွက်ပြေးတိမ်းရှောင်ရသည့် ထောင်နှင့်ချီသော ဒေသခံများသည် ယခုချိန်ထိ နေရပ်ပြန်မရဲသေးသည့်အပြင် ယနေ့ ပစ်ခတ်မှုကြောင့် ထပ်မံ၍ တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။



















