Home သတင်း တိုက်ပွဲသတင်း နှင့် စခန်းသိမ်း တိုက်ပွဲအ‌ကြောင်းအရာများကို Online အ‌ပေါ် အလျင်စလို မတင်ကြရန် KNU ‌မေတ္တာရပ်ခံ

တိုက်ပွဲသတင်း နှင့် စခန်းသိမ်း တိုက်ပွဲအ‌ကြောင်းအရာများကို Online အ‌ပေါ် အလျင်စလို မတင်ကြရန် KNU ‌မေတ္တာရပ်ခံ

1446

ဒီဇင်ဘာ ၂၀၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၆)နှင့် အာဏာသိမ်းစစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် KNLA ဘက်မှ စစ်‌ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိပါက online ‌ပေါ်၌ အလျင်စလို မတင်ကြရန် KNU ဒူးပလာယာခရိုင်၊ သတင်းနှင့်ပြန်ကြား‌ရေးမှတဆင့် ယ‌နေ့ ‌မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်‌နောက်၌ဖြစ်‌စေ၊ စခန်းသိမ်းယူပြီးသည့်‌နောက်၌ဖြစ်‌စေ စစ်‌ရေးအစီအစဉ်အရ KNLAဘက်မှ ဆက်လက်လုပ် ‌ဆောင်ရမည့်အရာ များရှိ‌နေသည့်အ‌ပေါ် စစ်‌ရေးလှုပ်ရှားမှု အ‌ကြောင်းအရာကို online ‌ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်‌ဝေလိုက်ပါက ရန်သူသို့ သတင်း‌ပေးပို့ရာ‌ရောက်၍ စစ်‌မြေပြင်၌ KNLA ဘက်မှ ဆက်လက်လုပ်‌ဆောင်ရမည့် စစ်‌ရေးအစီအစဉ်ကို ထိခိုက်မှုဖြစ်‌ပေါ်‌စေနိုင်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီး‌နောက် ဖြစ်‌ပေါ်လာသည့် စစ်‌ပြေးဒုက္ခသည်ပြည်သူများ၏ တည်‌နေရာများကို ‌မြေပုံညွှန်းနှင့်တကွ ‌ဖော်ပြခြင်းများပြုလုပ်ပါက စစ်‌ပြေးဒုက္ခသည်များအား စစ်‌ကောင်စီတပ်ဘက်မှ ပစ်မှတ်ထားနိုင်သည့်အတွက် စစ်‌ပြေးဒုက္ခသည်များအား လုံခြုံမှုမရှိ‌စေ‌ကြောင်းလည်း အသိ‌ပေး‌ဖော်ပြထား သည်။

လက်ရှိ နှစ်ဖက် တိုက်ပွဲများတွင် တိုက်ပွဲဖြစ်ပွားသည့်‌နောက်ပိုင်း စစ်‌ကောင်စီဘက်မှ စစ်‌ရေးအရ အ‌ရေးနိမ့်မှု ရှိလာလျှင် ‌လေယာဉ်အသုံးပြု၍ တိုက်ပွဲဖြစ်ပွားရာ ‌နေရာ နှင့် အရပ်သားများရှိရာ ‌ကျေးရွာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်‌လေ့ရှိသလို စစ်ကူများအချိန်မီ ပို့‌ဆောင်နိုင်ခြင်းမရှိရန် ‌မြေပြင်ကိစ္စရပ်များ ပြီးဆုံး‌အောင် လုပ်‌ဆောင်ပြီးမှသာ သတင်းများ ဖြန့်‌ဝေကြရန်လည်း ဆက်လက် အသိ‌ပေး ‌မေတ္တာရပ်ခံထား သည်။

လတ်တ‌လောတွင် KNU တပ်မဟာ (၆) နယ်‌မြေ၊ ‌လေ‌ကေ့‌ကော်မြို့သစ်နှင့် မြို့သစ်အနီးဝန်းကျင် ‌ကျေးရွာများ တွင် စစ်‌ကောင်စီအပါအဝင် နယ်ခြား‌စောင့်တပ် (BGF) နှင့် KNLA-PDF ပူး‌ပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်‌နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယ‌နေ့ အချိန်ထိ တိုက်ပွဲ‌နေ့စဉ်ပြင်းထန်‌နေပြီး စစ်‌ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များ‌နေသလို ‌ထောင်နှင့်ချီသည့် ‌ဒေသခံများလည်း ‌ဘေးလွတ်ရာ ‌ဒေသတွင်းနှင့် တစ်ဖက် ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်။