Home သတင်း စစ်‌ကောင်စီတပ်မှ အင်အားတိုးချဲ့လာ‌သော‌ကြောင့် မူသယ်‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

စစ်‌ကောင်စီတပ်မှ အင်အားတိုးချဲ့လာ‌သော‌ကြောင့် မူသယ်‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

1656
Photo: KNU

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ‌ညောင်‌လေးပင်ခရိုင်(တပ်မဟာ-၃)၊ ‌ကျောက်ကြီးမြို့နယ် မူသယ် ‌ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်‌နေ့က စစ်‌ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့‌ရောက်ရှိလာ သည့်အတွက် ‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု ‌ကေအဲန်ယူ သတင်းနှင့်ပြန်ကြား‌ရေးဌာနက ထုတ်ပြန်ထားသည်။

စစ်‌ကောင်စီတပ် ‌ခြေလျင်တပ်ရင်း ခလရ-၃၅၁၊ ခလရ-၁၂၄၊ ခလရ-၅၈၉၊ ခလရ-၅၉၈၊ ခလရ-၄၄ဝ နှင့် ‌ခြေမြန် တပ်ရင်း ခမရ-၇၅ တို့ပူး‌ပေါင်း၍ စစ်ကား ၃ဝ စီးမှ ခန့်မှန်းအင်အား (၄၈၀) ခန့်နှင့် ရိက္ခာသည် မြင်းအ‌ကောင်‌ရေ (၁၀၀) ခန့်သည် သံဘို-မူသယ်လမ်းမှတစ်ဆင့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင်အတွင်းသို့ ဝင်‌ရောက်စစ်‌ရေးလှုပ်ရှား‌နေ သည့်အတွက် မူသယ်လမ်း‌ဘေးရှိ ‌ဒေသခံများမှာ ‌ကြောက်လန့်ကြ၍ ထွက်‌ပြေးတိမ်း‌ရှောင်ရခြင်းဖြစ်သည်ဟု KNU ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်‌ကောင်စီတပ်၏ စစ်‌ရေးလှုပ်ရှားမှုများ‌ကြောင့် မူသယ်ကားလမ်းအနီးရှိ ‌သေနွယ်ထာ(ခ) မူသယ်‌ဒေသခံများ ထပ်မံထွက်‌ပြေး‌နေရသည့်အပြင် ယခင်ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ပေါ်‌ဖောခီး၊ ‌စေး‌ဘောလူ၊ ထီးပနား‌အေခီး၊ ခယ်ခိုကာနှင့် အိမ်‌ခြေ(၈၆)လုံးမှ ‌ဒေသခံအ‌ယောက် (၅၅၀)‌ကျော်လည်း ‌ဒေသမပြန်ရဲ‌သေးသဖြင့် ဆက်လက် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဆဲဖြစ်သည်ဟု နယ်‌မြေခံ ‌ဒေသခံလူထု‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောသည်။

၎င်းက “အခုထွက်‌ပြေး‌နေရတဲ့စစ်‌ရှောင်‌တွေက အရင်ကတည်းကထွက်‌ပြေး‌နေရတာ အခုထိအိမ်ပြန်မရဲဘူး။ ‌တောထဲမှာပဲ တိမ်း‌ရှောင်‌နေရတယ်။ အခုထပ်မံထွက်‌ပြေးတိမ်း‌ရှောင်‌နေရတာက မူသယ်ရွာကများတယ်။ အခု စစ်တပ်‌တွေက ရွာမှာပဲ တပ်စွဲထား‌တော့ ‌ဒေသခံ‌တွေ ‌ရှောင်‌နေရတာ‌ပေါ့။ အခု ထိရွာမပြန်ရဲကြ‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံများသည် ‌တော‌တောင်ထဲတွင် တိမ်း‌ရှောင် ခိုလှုံ‌နေထိုင်ရ သည့်အတွက် စားနပ်ရိက္ခာ၊ ‌နေရာထိုင်ခင်းနှင့် ကျန်းမာ‌ရေးဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်‌နေ့ညပိုင်းတွင်လည်း စစ်‌ကောင်စီတပ်များမှ ‌သေနွယ်ထာ(ခ) မူသယ်‌ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် ‌ဒေသခံရွာသား (၃)ဦး လက်နက်ကြီးကျည် ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

မူသယ်လမ်းသည် KNU တပ်မဟာ(၅)အထိ သွားသည့်လမ်းဖြစ်သည့်အတွက် စစ်‌ကောင်စီတပ်ဘက်မှ တပ်မဟာ (၅) နယ်‌မြေအတွင်းရှိ ၎င်းတို့၏ တပ်စခန်းများထံ ရိက္ခာများလွယ်ကူစွာပို့‌ဆောင်ရန် ရည်ရွယ်ထားသည့်အတွက် ‌ကေအဲန်ယူဘက်မှ ခွင့်ပြုချက်မ‌ပေး‌သော်လည်း ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြချက်ဖြင့် လမ်းများ ‌ဖောက်လုပ်‌သော‌ကြောင့် နယ်‌မြေခံ KNLA တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်ဟု သိရသည်။