Home သတင်း KNU ဘိတ်-ထားဝယ်ခရိုင် အကြံ‌ပေးပုဂ္ဂိုလ် ပဒို‌စော‌သောသီ‌ဖေ ကွယ်လွန်၊ ခရိုင်ဌာနချုပ်၌ ဈာပနပြုလုပ်မည်

KNU ဘိတ်-ထားဝယ်ခရိုင် အကြံ‌ပေးပုဂ္ဂိုလ် ပဒို‌စော‌သောသီ‌ဖေ ကွယ်လွန်၊ ခရိုင်ဌာနချုပ်၌ ဈာပနပြုလုပ်မည်

1458

‌အောက်တိုဘာ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၏ အကြံ‌ပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဝါရင့်ကရင့်‌တော်လှန်‌ရေး သမားတစ်ဦးလည်းဖြစ်သည့် ပဒို‌စော‌သောသီ‌ဖေသည် ယမန်‌နေ့ ‌အောက်တိုဘာလ ၂၄ရက်၊ ည ၁၁နာရီခွဲအချိန်၌ ခရိုင် ဌာနချုပ်‌နေရာတွင် ကွယ်လွန်သွားခဲ့သည်။

ပဒို‌စော‌သောသီ‌ဖေသည် အသက် ၇၅နှစ်‌ကျော်ရှိပြီး ကွယ်လွန်ချိန်အထိ KNU ဘိတ်-ထားဝယ်ခရိုင်၏ ခရိုင်အကြံ‌ပေး ပုဂ္ဂိုလ်တစ်ဦးအ‌နေဖြင့် တာဝန်ယူထားရာက အဆုတ်နှင့် အသည်း‌ရောဂါ‌ကြောင့် ခရိုင်ဌာနချုပ်ရှိရာ “အမလာထာ” ‌နေရာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ‌အောက်တိုဘာလ ၂၆ရက်‌နေ့တွင် ဈာပနပြုလုပ်မည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ဘိတ်-ထားဝယ်ခရိုင်၏ အတွင်း‌ရေးမှူးတစ်ဦးဖြစ်သည့် ပဒို‌စောဝင်းခိုင်က “သူနဲ့ဆုံတာက နှစ်‌ပေါင်း ၃၀‌ကျော်‌လောက် ရှိပြီး။ ဒီခရိုင်ကို သူ‌ရောက်လာချိန်ကတည်းက‌ပေါ့။ ဒီခရိုင်ကို မ‌ရောက်ခင် တပ်မဟာ(၃)လည်း အဆင့်ဆင့် တာဝန်ယူ တာ ရှိတယ်။ ဗဟိုမှာလည်း သူ‌နေခဲ့တယ်။ သူ့ရဲ့‌တော်လှန်‌ရေးသက်တမ်းက သိရသ‌လောက် နှစ်‌ပေါင်း ၄၀‌ကျော်ရှိပြီး။ ဒီမှာ မိသားစုနဲ့လာ‌နေတာမဟုတ်ဘူး။ တစ်‌ယောက်ဘဲလာ‌နေတယ်။ သူက အတတ်ပညာစုံတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့‌ပြောလို့ ရတယ်။ စာ‌ရေးတာလည်း ဝါသနာပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စော‌သောသီ‌ဖေသည် ဧရာဝတီတိုင်းဇာတိဖြစ်ပြီး ၁၉၇၅ခုနှစ်တွင် KNU ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)သို့ ‌ရောက်ရှိလာကာ ခရိုင်၏ လယ်ယာစိုက်ပျိုး‌ရေးဌာန တာဝန်ခံအဖြစ် လုပ်‌ဆောင်ခဲ့သလို ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ တာဝန်ကိုလည်း ထမ်း‌ဆောင်ခဲ့ပြီး‌နောက်ပိုင်း KNU ဗဟို၏ လိုအပ်ချက်အရ ၁၉၇၉ခုနှစ်တွင် ဗဟိုသို့‌ရောက်ရှိခဲ့သည် ဟု ခရိုင်တာဝန်ရှိသူ၏ ‌ပြောဆိုချက်အရ သိရသည်။

ထို့အပြင် KNU ဗဟို၏ တာဝန်‌ပေးချက်အရ ၁၉၈၁-၈၂ခုနှစ်ဝန်းကျင်တွင် KNU ဘိတ်-ထားဝယ်ခရိုင်သို့ ပြန်လည် ‌ရောက်ရှိလာပြီး ခရိုင်စည်းရုံး‌ရေးဌာန၏ ဌာနမှူးအဖြစ်လည်း‌ကောင်း၊ ခရိုင်အတွင်း‌ရေးမှူးနှင့် ခရိုင်တရားသူကြီး တာဝန်များကိုလည်း အဆင့်ဆင့် တာဝန်ယူခဲ့ပြီး ကျန်းမာ‌ရေးမ‌ကောင်းသည့်အတွက် ခရိုင်တရားသူကြီးတာဝန်မှ အနားယူခဲ့‌သော်လည်း ခရိုင်အကြံ‌ပေးပုဂ္ဂိုလ်တာဝန်ကို ကွယ်လွန်အချိန်အထိ တာဝန်ယူသွားခဲ့သည်။