Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု ရုတ်တရက်တိုးပွားလာသည့်အတွက် စခန်းတွင်းသွားလာမှုထပ်မံ ကန့်သတ်

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု ရုတ်တရက်တိုးပွားလာသည့်အတွက် စခန်းတွင်းသွားလာမှုထပ်မံ ကန့်သတ်

1357

‌အောက်တိုဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရာ့မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် ယခု‌အောက်တိုဘာလ ၄ ရက်‌နေ့မှ စ၍ စခန်းတွင်း ‌နေထိုင်သူများထံမှ ကိုဗစ်ပိုးကူးစက်မှု ရုတ်တရက်တိုးပွားလာခြင်း‌ကြောင့် စခန်းတွင်း သွားလာမှု များကို ထပ်မံကန့်သတ်တားမြစ်လိုက်ရ‌ကြောင်း စခန်းတာဝန်ရှိသူများထံ မှသိရသည်။

ယခုလ ‌အောက်တိုဘာ ၄ ရက်‌နေ့က စခန်းတွင်း ကျန်းမာ‌ရေးဝန်‌ဆောင်မှု ‌ပေး‌နေသည့် IRC ဝန်ထမ်းတစ်ဦး ထံတွင် ကိုဗစ်ပိုး စတင်‌တွေ့ရှိရာမှ ၎င်းနှင့် ထိ‌တွေ့သူများကို စစ်‌ဆေးခဲ့ရာ ‌အောက်တိုဘာလ ၆ ရက်‌နေ့တွင် ၁၃ ဦးထပ်မံ‌တွေ့ရှိပြီး ယ‌နေ့ ‌အောက်တိုဘာလ ၈ရက်‌နေ့တွင် ထပ်မံစစ်‌ဆေးရာ၌ ၃ ဦးထပ်မံ‌တွေ့ရှိခြင်း‌ကြောင့် စခန်းတွင်း သွားလာမှုများကို ကန့်သတ်လိုက်ပြီးဖြစ်‌ကြောင်း စခန်း၏အတွင်း‌ရေးမှူး ‌စောဆာတူက ယခုလို‌ပြောသည်။

“ပြီးခဲ့တဲ့ ၄ရက်‌နေ့က IRC ဝန်ထမ်းတစ်‌ယောက် ‌နေမ‌ကောင်းလို့ နှာ‌ခေါင်းတို့ဖတ်စစ်‌ဆေးတာ ကိုဗစ် ပိုး ‌ပေါ်‌တော့ သူနဲ့ထိစပ်တဲ့ သူ‌တွေကို ‌ခေါ်ပြီးစစ်တာ ‌နောက်ထပ် ၁၃ ‌ယောက်‌တွေ့တယ်။ ပြီး‌တော့ မဲ‌ဆောက် ‌ထောင်က‌နေ ပြန်လွှတ်လာတဲ့သူကို စစ်ကြည့်တာလည်း ၆ ရက်‌နေ့က ကိုဗစ်ပိုး‌တွေ့တယ်။ ဒီ‌နေ့လည်း ‌နောက်ထပ် တစ်‌ယောက် ထပ်‌တွေ့တယ်။ လက်ရှိမှာ Positive လူနာ ၁၇‌ယောက်ရှိတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိုဗစ်ပိုး‌တွေ့ လူနာ ပြန်လည်‌တွေ့ရှိမှု‌ကြောင့် လတ်တ‌လောတွင် စခန်းတွင်းသွားလာမှုများ ‌နေအိမ် ရပ်ကွက်များကို ကန့်သတ်တားမြစ်ထားပြီး ‌ဈေးဆိုင်များကိုလည်း ယာယီ ပိတ်သိမ်းခိုင်းထား‌ကြောင်း စခန်း အတွင်း‌ရေးမှူးက ဆက်‌ပြောသည်။

ထိုပိုး‌တွေ့လူနာများတွင် အသက် ၈ နှစ်မှ အသက် ၄ဝ ‌ကျော်အထိ ပါဝင်ပြီး စခန်း၏ Zone A, နှင့် Zone B အတွင်းရှိ ရပ်ကွက်အလိုက်တွင် ပျံ့နှံ့ ‌တွေ့ရှိ‌ကြောင်းနှင့် ကူးစက်ခံရသူများလည်း ထပ်မံတိုးလာနိုင်‌ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင်လည်း စခန်းတွင်းသို့ ပြန်လည်ခိုးဝင်လာသူများထံမှ ကိုဗစ်ပိုး ကူးစက်ခံရမှု ‌တွေ့ရှိခဲ့ဖူးပြီး စခန်းတွင်း သွားလာမှုများကို ကန့်သတ်ပိတ်ပင်ထားခဲ့ရသည်။ ထို‌နောက် သွားလာမှုအနည်းငယ် ပြန်လည် ဖွင့်လှစ်‌ပေးပြီး ယခုလို ထပ်မံ ပိုး‌တွေ့ရှိလာသည့်အတွက် ‌ကျောင်းများကိုလည်း ဆက်လက် ပိတ်ထားရ‌ကြောင်း သိရသည်။

လက်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းအတွင်း ‌နေထိုင်သူများအနက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ရှိသည့် ဒုက္ခသည်ကို ကိုဗစ်ကာကွယ်‌ဆေးထိုး‌ပေးရန်အစီအစဉ်ရှိသည့်အတွက် ထိုင်းတာဝန်ရှိသူများဘက်မှ အမည်စာရင်းများကို ‌တောင်းခံခဲ့ရာ ယခုလ ၆ ရက်‌နေ့က အမည်စာရင်းများကို ‌ကောက်ခံ‌ပေးပို့လိုက်ပြီး ဖြစ်‌ကြောင်းလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မြန်မာဒုက္ခသည်စခန်း‌ပေါင်း ၉ ခုရှိပြီး လူဦး‌ရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိသည်။ အုန်းဖျန်ဒုက္ခသည်စခန်းနည်းတူ ဒုက္ခသည်စခန်းအချို့တွင်လည်း ကိုဗစ်‌ရောဂါကူးစက်မှုရှိ သည့်အတွက် စခန်းတွင်း သွားလာမှုများ ကန့်သတ်ထားရသည်ဟု သိရှိရသည်။