Home ဆောင်းပါး ‌ကျောခိုင်းရ‌တော့မယ် ဆိုတဲ့အခါ ဘယ်သူကို ‌ကျောခိုင်းသွားမှာလဲ

‌ကျောခိုင်းရ‌တော့မယ် ဆိုတဲ့အခါ ဘယ်သူကို ‌ကျောခိုင်းသွားမှာလဲ

5147

သဒါးစိုး (စက်တင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်)

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ စည်းခြားထားတဲ့ ‌သောင်ရင်းမြစ်ရဲ့ ‌လှေဆိပ်တစ်‌နေရာမှာ စစ်ယူနီ‌ဖောင်းအပြည့်အစုံနဲ့ ရာနဲ့ချီ တဲ့ စစ်သား‌တွေက စက်‌လှေ‌ပေါ်ကို တက်တဲ့သူကတက်၊ ရိက္ခာပစ္စည်း‌တွေ အတင်အချ လုပ်တဲ့သူက လုပ်‌နေကြတဲ့ မြင်ကွင်းဓာတ်ပုံ‌တွေက လူမှုကွန်ရက်‌ပေါ် ပျံ့နှံ့လာရာမှာ အများက အမျိုးမျိုး မှတ်ချက်ပြု ‌ပြောဆိုခဲ့ကြပါတယ်။

စက်‌လှေဆိုက်ရာ ကမ်းနံ‌ဘေး ပတ်ပတ်လည်မှာဆိုရင် ထုံးဖြူသုတ်ထားတဲ့ ‌စေတီပုထိုးငယ်‌လေး‌တွေကြားထဲမှာ ကရင် အမျိုးသားအလံကို ကိုင်‌ဆောင်ပြီး အမှတ်တရ ဓာတ်ပုံရိုက်သူ‌တွေကို မြင်‌တွေ့ရသလို စစ်သား‌တွေကို အကြိုအပို့လုပ် ‌နေသူလို့ ယူဆရတဲ့ စစ်‌ရောင်ကားနံ‌ဘေးက ကရင်သင်တိုင်းဝတ်ဆင်ထားတဲ့ အမျိုးသမီး၊ အမျိုးသားအချို့ကိုလည်း စစ်သား‌တွေကြားထဲမှာ ‌တွေ့မြင်ရပါတယ်။

ဒီမြင်ကွင်းက‌တော့ ပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ် ဆိပ်ကမ်းတစ်‌နေရာဖြစ်တဲ့ မဲ့သ‌ဝေါ‌လှေဆိပ်မှာ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့ဝင်‌တွေ ‌သောင်ရင်းမြစ်နဲ့ သံလွင်မြစ်ဆုံစည်းရာ မြစ်ဆုံလို့‌ခေါ်တဲ့ (သူးမွဲထာ့) တဖက်ကမ်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ ၅ နယ်‌မြေ ထဲမှာရှိတဲ့ သူတို့တပ်ဖွဲ့ဝင်‌တွေနဲ့ တပ်အ‌ပြောင်းအလဲ လုပ်‌ဆောင်‌နေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။

နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်‌တွေ တပ်အ‌ပြောင်းအလဲလုပ်ပြီး‌နောက် ရက်ပိုင်းအကြာမှာ သူးမွဲထာ အနီးတဝိုက်မှာရှိတဲ့ KNLA တပ်မဟာ ၅ တပ်ဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှု‌တွေ ဆက်တိုက်ဖြစ်ပွား‌နေတယ်လို့ ‌ဒေသခံ‌တွေ‌ကော၊ ‌ကေအဲန်ယူ တာဝန်ရှိသူ‌တွေကပါ ‌ပြောဆို‌နေကြပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ‌မေလ ၉ ရက်‌နေ့တုန်းကလည်း နယ်ခြား‌စောင့်တပ်သား ၁ဝဝ ခန့်ဟာ မြိုင်ကြီးငူ‌ဒေသမှ သံလွင် မြစ်ကိုဖြတ်ကာ စစ်‌ကောင်စီတပ်နဲ့ ကရင့်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား‌နေတဲ့ မူ‌တြော်(ဖာပွန်)ခရိုင်၊ KNLA တပ်မဟာ (၅)နယ်‌မြေထဲသို့ ဝင်‌ရောက်‌နေတဲ့ ဗီဒီယိုမှတ်တမ်း‌တွေ လူမှုကွန်ရက်‌ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ‌နေ့မှာပဲ ပစ်ခတ်မှုအချို့ဖြစ်ပွားပြီး နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ‌ဒေသတွင်း သတင်းအရင်းအမြစ်‌တွေအရ သိရပါတယ်။

တစ်ခါ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ရက်‌နေ့ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာမှာအ‌ခြေစိုက်တဲ့ စစ်‌ကောင်စီတပ်သား‌တွေ စခန်းစွန့်ခွာပြီး‌နောက် ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှု‌တွေမှာ BGF တပ်ဖွဲ့က စစ်‌ကောင်စီတပ်ဘက်ကို ပါဝင်ကူညီမှု‌တွေ လုပ်‌ဆောင်ခဲ့ပါတယ်။

ဒါ‌ကြောင့် ကရင်ပြည်နယ်အတွင်း အထူးသဖြင့် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေထဲမှာ တ‌ကျော့ပြန် ပြန်လည်ဖြစ်‌နေတဲ့ စစ်‌ရေးပဋိပက္ခမှာထဲမှာ ကရင်နယ်ခြား‌စောင့်တပ်ဖွဲ့(BGF)ရဲ့ ပါဝင်ပတ်သက်မှုက အဓိက အ‌ရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ‌ဝေဖန်သုံးသပ်မှု‌တွေလည်း ရှိလာပါတယ်။

ဒီဖြစ်စဉ်‌တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာ ယမ်း‌ငွေ့‌တွေ ပျက်ပြယ်လုနီးပါးရှိခဲ့တဲ့ ကရင်ပြည်နယ်မှာ စစ်‌ရေး ပဋိပက္ခ‌တွေ၊ စစ်ရိပ်စစ်‌ငွေ့‌တွေ၊ အိုးအိမ်စွန့်ခွာပြီး ထွက်‌ပြေးတိမ်း‌ရှောင်မှု‌တွေ တ‌ကျော့ပြန် ပြန်လည်ဖြစ်ပွားလာမှာကို ကရင်ပြည်သူလူထု‌တွေက စိုးရိမ်လို့‌နေပါတယ်။

အခု ဖြစ်ပွား‌နေတဲ့ စစ်‌ရေးပဋိပက္ခက ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ (KNLA)နဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ‌တွေအကြား စစ်‌ရေးပဋိပက္ခလို့ ‌ယေဘုယျအားဖြင့် ‌ပြောဆိုနိုင်‌သော်လည်း စစ်‌ကောင်စီတပ်ရဲ့ စီမံလမ်းညွှန်မှု‌အောက် မှာရှိတဲ့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ရဲ့ အခန်းကဏ္ဍလည်း အဓိက ဇာတ်‌ဆောင်‌နေရာမှာ ရှိ‌နေတဲ့အ‌ပေါ် အတိတ်က သမိုင်းလိုပဲ ကရင်လူမျိုးအချင်းချင်းကြား သတ်ဖြတ်ကြတဲ့ အနိဌာရုံ‌တွေ တဖန်ပြန်လည်မြင်‌တွေ့ရ‌တော့မှာ လားဆိုတဲ့ စိုးရိမ်မှုစကားသံ‌တွေ ကရင်လူထုကြားထဲမှာ ‌ပြောဆို‌နေကြပါတယ်။

ဒါ‌ကြောင့် လတ်တ‌လော စစ်‌ရေးပဋိပက္ခအတွင်း နယ်ခြား‌စောင့်တပ်(BGF)အ‌နေနဲ့ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူ ကာ ပြည်သူလူထုအ‌ပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှု‌တွေ ကျူးလွန်‌နေတဲ့ စစ်‌ကောင်စီအဖွဲ့နဲ့ပူး‌ပေါင်းပြီး ‌ကေအဲန် ယူကို ပြန်လည်ထိုးစစ်ဆင်တယ်ဆိုတဲ့ အ‌ခြေအ‌နေမှာ ကရင်ပြည်သူ‌တွေကြားထဲမှာ‌ကော၊ လူမှုကွန်ရက်စာမျက်နှာ ‌တွေမှာ‌ကော BGF တပ်ဖွဲ့အ‌ပေါ် ပြင်းပြင်းထန်ထန် ‌ဝေဖန်မှု‌တွေ လုပ်‌ဆောင်‌နေတာ ‌တွေ့ရပါတယ်။

ဒီထင်မြင်ယူဆချက်နဲ့ ‌ဝေဖန်‌ပြောဆိုချက်‌တွေဟာ ‌မြေပြင်အ‌ခြေအ‌နေနဲ့ ကိုက်ညီမှုမရှိတဲ့ တစ်ဖက်သတ် ‌ပြောဆိုမှုဖြစ် တယ်လို့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ရဲ့ အမှတ် (၂)တပ်နယ် ဗျူဟာမှူး ဗိုလ်မှူး‌စောတင်ဝင်းက အခုလို ‌ပြောဆိုပါ တယ်။

ဗိုလ်မှူး‌စောတင်ဝင်းက “အချို့သတင်း‌တွေမှာ တင်‌နေတာ‌တွေ့ရတယ်။ အများစုက အ‌ခြေအ‌နေကို ဂဃနဏ မသိကြ ဘူး‌ပေါ့‌နော်။ အချို့က နိုင်ငံခြားမှာ‌နေတယ်။ ပြည်တွင်းအ‌ခြေအ‌နေကို သိပ်မသိဘူး။ သူများ‌တွေ သတင်း‌ပေးပို့တဲ့အ တိုင်းပဲ ‌ပြော‌နေကြတယ်။ အမှန်တကယ်က အဲလိုမျိုးမဟုတ်ပါဘူး။ ပြီး‌တော့ တပ်မဟာ ၆ ကိစ္စဆိုလည်း သတင်း‌တွေ ထွက်‌နေတဲ့ ပုံစံအတိုင်း‌တော့ မဟုတ်ပါဘူး။”လို့ ‌ပြောပါတယ်။

ဆက်လက်ပြီး စစ်‌ကောင်စီတပ်ရဲ့ စစ်‌ကြောင်းနဲ့အတူ သူတို့တပ်ဖွဲ့ဝင်‌တွေ လိုက်ပါသွားရခြင်းမှာ မလိုလားအပ်တဲ့ ပြဿနာ‌တွေ မဖြစ်ဖို့နဲ့ ကရင်လူထု‌တွေကို အကာအကွယ်ပြုနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း ဗိုလ်မှူး‌စောတင်ဝင်းက ဆက်‌ပြောပါတယ်။

“အခု စစ်‌ကြောင်း‌တွေမှာ BGF ‌တွေ ပါသွားလို့ရှိရင် သူတို့(စစ်တပ်)က လုပ်ချင်သလို လုပ်မရဘူး။ ‌ကျေးရွာ‌တွေမှာ တစ် ခုခုလုပ်မယ်ဆိုရင် ကျ‌နော်တို့နဲ့ ပြန်တိုင်ပင်ရတယ်။ ‌ကျေးရွာ‌တွေမှာ ဖျက်လိုဖျက်ဆီး လုပ်တာ‌တွေကို ကျ‌နော်တို့ဘက် က လက်မခံဘူး‌လေ။”လို့ ဗိုလ်မှူး‌စောတင်ဝင်းက ဆက်‌ပြောပါတယ်။

ကရင်ပြည်နယ်က နယ်ခြား‌စောင့်တပ် ဖြစ်တည်လာရတာဟာ ၁၉၉၄ခုနှစ်က ‌ပေါ်‌ပေါက်လာတဲ့ တိုးတက်‌သော ဗုဒ္ဓဘာ သာကရင်အမျိုးသားတပ်မ‌တော် (DKBA) တပ်မှူး‌တွေနဲ့ ၁၉၉၇ ခုနှစ်မှာ ‌ပေါ်‌ပေါက်လာတဲ့ ‌စောသူမူ့ဟဲ ဦး‌ဆောင်တဲ့ ‌ဟောင်သ‌ရော ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(KPF) အဖွဲ့က တပ်မှူး‌တွေနဲ့ အသွင်‌ပြောင်းလဲ ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ ဘာသာ‌ရေးအရ ခွဲခြားဖိနှိပ်တဲ့ သ‌ဘောထားကွဲလွဲမှုက‌နေ အ‌ကြောင်းပြုကာ ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက‌နေ ခွဲထွက်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ တပ်မှူးတပ်သား‌တွေက (DKBO)ကို စတင် ဖွဲ့စည်းရာက‌နေ (DKBA)ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုစဉ်အချိန်က စစ်အစိုးရရဲ့ ‌ထောက်လှမ်း ‌ရေး‌တွေလက်ချက်ဖြစ်ပြီး ‌ကေအဲန်ယူကို အစီအစဉ်တကျ ဖြိုခွဲခဲ့တာလို့လည်း သုံးသပ်သူများစွာ ရှိခဲ့ပါတယ်။

အဲလို ဖွဲ့စည်းတည်‌ထောင်ထားတဲ့ DKBA ရဲ့ အကူအညီကို စစ်တပ်ကရယူပြီး KNU ရဲ့ ဗဟိုဌာနချုပ် မာနယ်ပ‌လောနဲ့ နယ်စပ်‌ဒေသမှာရှိတဲ့ တပ်စခန်း‌တော်‌တော်များများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီ‌နောက် DKBA က နယ်စပ် ‌ဒေသမှာ ‌ခြေကုပ်စခန်း ရယူပြီး စီးပွား‌ရေးလုပ်ငန်း‌တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

ဗိုလ်မှူးကြီး‌စောချစ်သူ အပါအဝင် DKBA ‌ခေါင်း‌ဆောင်အချို့နဲ့ KPF အဖွဲ့တို့ဟာ ၂၀၁ဝ ခုနှစ်မှာ စစ်တပ်ရဲ့လက် ‌အောက်ခံ အစိတ်အပိုင်းတစ်ခုအဖြစ်တဲ့ နယ်ခြား‌စောင့်တပ်(BGF)အဖြစ် အမှတ်(၁၀၁၁)က‌နေ (၁၀၂၃)အထိ စုစု‌ပေါင်း တပ်ရင်း ၁၃ရင်းနဲ့ အသွင်ကူး‌ပြောင်းခဲ့ပါတယ်။ လက်ရှိမှာ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်အင်အား ၇၀၀ဝခန့်ရှိတယ်လို့ ‌လေ့လာသူ‌တွေက ခန့်မှန်း‌ပြောဆို‌နေကြပါတယ်။

နယ်ခြား‌စောင့်တပ်(BGF)အဖြစ် အသွင်‌ပြောင်းခဲ့ပြီး‌နောက်ပိုင်းမှာလည်း BGF အ‌နေနဲ့ နယ်စပ်တစ်‌လျှောက် တရားမ ဝင် စီးပွား‌ရေးလုပ်ငန်း‌တွေကို ထူ‌ထောင်လုပ်‌ဆောင်ခွင့်ရရှိလာခဲ့ပြီး အဖွဲ့ရဲ့ ‌ခေါင်း‌ဆောင်ပိုင်း‌တွေက ‌ငွေ‌ကြေးကြွယ်ဝ ချမ်းသာလာတယ်လို့ ‌ပြောဆိုလို့ရပါတယ်။

အဲဒါ‌ကြောင့် BGF တပ်ဖွဲ့ဟာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု‌အောက်မှာ တိုက်ရိုက်ရှိ‌နေတဲ့အတွက် စစ်တပ်ရဲ့ညွှန်ကြားမှုအတိုင်း ကို တ‌သွေမတိမ်း လိုက်နာ‌ဆောင်ရွက်ရမှာဖြစ်ပြီး မလိုက်နာနိုင်ပါက ရရှိထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အ‌ရေး‌တွေ ဆုံးရှုံးရ မှာဖြစ်တဲ့အတွက် ၎င်းတို့အ‌နေနဲ့ အဆုံးရှုံးခံနိုင်မှာ မဟုတ်ဘူးလို့ ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက် (KPSN)ရဲ့ ‌ပြောခွင့်ရသူ ‌နော်ဝါးခူရှီးက ‌ပြောပါတယ်။

သူမက “အခု အ‌ခြေအ‌နေမှာ အမျိုးသား‌ရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး စစ်အာဏာရှင်ကို ပြန်ပြီး ‌တော်လှန် မယ်ဆိုရင် သူများ‌ပေးထားတဲ့လုပ်ပိုင်ခွင့်‌တွေ သူတို့မှာ ရှိ‌တော့မှာမဟုတ်ဘူး‌ပေါ့‌နော်။ ဒီလုပ်ပိုင်ခွင့် အခွင့်အ‌ရေးနဲ့အမျိုး သား‌ရေး နှစ်ခုထဲက တစ်ခုကို ‌ရွေးချယ်ရမယ်ဆိုရင် သူများ‌ပေးထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အ‌ရေးကို ‌ရွေးချယ်တဲ့အတွက် သူများအလုပ်ကို လုပ်‌ပေးရတာဖြစ်ပါတယ်။ ရုန်းထွက်ဖို့က မလွယ်ကူဘူး‌လေ။”လို့ ‌ပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်အတွင်းက ဖြစ်ပွား‌နေတဲ့ စစ်‌ရေးပဋိပက္ခမှာ နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့‌တွေက စစ်‌ကောင် စီတပ်နဲ့ ပူး‌ပေါင်းပြီး မိခင်အဖွဲ့အစည်းလို့ ၎င်းတို့‌ခေါ်‌နေကျ ‌ကေအဲန်ယူကို ပြန်လည်ထိုးစစ်ဆင်မှု လုပ်‌ဆောင်တာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ ‌ကော့ကရိတ်မြို့နယ်မှာ‌နေထိုင်တဲ့ အရပ်ဖက်အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောပါတယ်။

“ဒါကို ကျ‌နော်တို့ အမျိုးသား‌ရေးဖက်မှာကြည့်မယ်ဆိုရင် ရှုမြင်လို့မ‌ကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ စစ်‌ကောင်စီ ခိုင်းတဲ့အတိုင်း လိုက်မလုပ်သင့်ပါဘူး။ နိုင်ငံ‌ရေးအရကြည့်ရင် အခုချိန်မှာ ဘယ်သူက အမှန်၊ ဘယ်သူက အမှားလဲဆို တာ BGF ‌ခေါင်း‌ဆောင်‌တွေက မမြင်တာလား၊ မမြင်ချင်‌ယောင်‌ဆောင်တာလား အဲဒါကို ‌မေးခွန်းထုတ်ချင်ပါတယ်။”လို့ သူက ‌ပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း ပြန်လည်တိုက်ခိုက်တာ‌တွေ၊ သတ်ဖြတ်တာ‌တွေ အဆုံးသတ်နိုင်‌ရေးနဲ့ မိခင် ‌ကေအဲန်ယူက‌နေ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ပြန်လည်စုစည်းနိုင်‌ရေးအတွက်ဆိုပြီး ‌ကေအဲန်ယူ၊ BGF၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC)နဲ့ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (ခွဲထွက်-DKBA)စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ပါဝင်တဲ့ ကရင်လက်နက် ကိုင်များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီကို ၂၀၁၃ ခုနှစ်က ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီရဲ့နယ်‌မြေ ထို့‌ကော်ကိုးမှာ ဖွဲ့စည်းခဲ့ပါတယ်။

ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီကို ဖွဲ့စည်းပြီးတဲ့‌နောက် ‌ကော်မတီဝင်‌တွေအကြား အကြိမ် ‌ပေါင်းများစွာ ‌တွေ့ဆုံ‌ဆွေး‌နွေး စည်း‌ဝေးမှု‌တွေ လုပ်‌ဆောင်ခဲ့ကြ‌ပေမယ့် ကွဲသွားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့‌တွေ ပြန် လည်‌ပေါင်းစည်း‌ရေးက အရာမထင်တဲ့အပြင် လက်‌တွေ့‌မြေပြင်မှာ‌တော့ ‌ကေအဲန်ယူနဲ့ နယ်ခြား‌စောင့်တပ်အကြားက စစ်‌ရေးတင်းမာမှု‌တွေက ပိုပြီးပြင်းထန်လာတဲ့ အရိပ်အ‌ရောင်‌တွေ ‌တွေ့မြင်‌နေရပါတယ်။

အခုအ‌ခြေအ‌နေအ‌ပေါ်မှာ ကရင်လက်နက်ကိုင်အဖွဲ့ စည်းလုံးညီညွတ်‌ရေး‌ကော်မတီဝင် KNLA တပ်မှူးတစ်ဦးက “ကျ‌နော်တို့က‌တော့ ‌ခေါင်း‌ဆောင်‌တွေရဲ့ လမ်းညွှန်မှုအတိုင်းပဲ လုပ်‌နေပါတယ်။ အခုအ‌ခြေအ‌နေနဲ့ပတ်သက်ပြီး ‌ခေါင်း ‌ဆောင်‌တွေအချင်းချင်းကြားမှာ ချိတ်ဆက်‌ပြောဆိုတဲ့အပိုင်း‌တော့ ရှိတယ်။ BGF ‌ခေါင်း‌ဆောင်အချို့က စစ်‌ကောင်စီ တိုင်းမှူးညွှန်ကြားချက်ကို လိုက်လုပ်‌ပေးတဲ့သူ ရှိ‌သေးတယ်။ ကျ‌နော်တို့ဘက်က‌တော့ သတ်မှတ်နယ်‌မြေ ‌ကျော်လွန် လာရင် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ပစ်မိန့်‌ပေးထားပြီးသားဖြစ်ပါတယ်။”လို့ ‌ပြောပါတယ်။

လတ်တ‌လောဖြစ်ပွား‌နေတဲ့ ပြည်နယ်တွင်း စစ်‌ရေးပဋိပက္ခမှာ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ထိပ်တိုက် ရင်ဆိုင်မှု‌တွေ ဆက်လက်မဖြစ်ပွား‌အောင် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီအ‌နေနဲ့ ကြိုးပမ်းမှု ‌တွေရှိတယ်လို့လည်း သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့‌တွေရဲ့ တပ်မှူး‌တွေက ‌ပြောပါတယ်။

အမှတ် (၂)တပ်နယ် ဗျူဟာမှူး ဗိုလ်မှူး‌စောတင်ဝင်းက “မိခင်အဖွဲ့အစည်း‌ခေါင်း‌ဆောင်နဲ့ ကျ‌နော်တို့ BGF ‌ခေါင်း‌ဆောင် ‌တွေကြားမှာ အမြဲတမ်း ဆက်သွယ်‌ပြောဆိုမှု‌တွေ ရှိပါတယ်။ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ဟိုတကွက် ဒီတစ် ကွက် ဖြစ်တာ‌တွေက‌တော့ ရှိတယ်။ ကြီးကြီးမားမားဖြစ်တာ မရှိပါဘူး။ နယ်‌မြေအ‌ခြေအ‌နေအရ အချို့နယ်‌မြေ‌တွေမှာ ဆို မြန်မာအစိုးရနဲ့ မကင်းနိုင်‌သေးတဲ့ အပိုင်း‌တွေရှိတယ်။ လုပ်‌တော့ လုပ်‌ပေး‌နေရတယ်။ လုပ်လည်းလုပ်၊ သတိလည်း ထားရတာ‌ပေါ့။”လို့ ‌ပြောပါတယ်။

၂၀၂၁ ‌ဖေ‌ဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီး‌နောက် ဖြစ်‌ပေါ်လာတဲ့ လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေကို အခွင့် ‌ကောင်းယူပြီး ပြန့်ကျဲ‌နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း‌တွေကို ပြန်လည်စုစည်းနိုင်ဖို့ အချိန်‌ကောင်း၊အခါ‌ကောင်း ဖြစ်တယ်လို့ ရှုမြင်သုံးသပ်သူ‌တွေလည်း ရှိပါတယ်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦး‌ဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်ရာဇဝတ်မှု ကျူးလွန်‌နေတဲ့ စစ်‌ကောင်စီကို နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူလူထု‌တွေကပါ ဖယ်ကျဉ်‌နေတဲ့အချိန်မှာ ကရင်နယ်ခြား‌စောင့်တပ် အ‌နေနဲ့ အမျိုးသား‌ရေးအကျိုးကို ‌ရှေးရှုပြီး စစ်‌ကောင်စီကို ‌ကျောခိုင်းလိုက်ဖို့ စဉ်းစားသင့်ပြီလို့ ကရင်အမျိုးသမီးအစည်း အရုံး(KWO)ရဲ့ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ‌နော်ဆဲဆဲက အကြံပြု ‌ပြောဆိုပါတယ်။

“အမှန်က သူတို့‌တွေ ဘယ်လိုဖြတ်သန်းလာခဲ့ရသလဲဆိုတာ သူတို့ကိုယ်သူတို့ ပြန်သိဖို့‌ကောင်းပါပြီ။ ဒီစစ်‌ကောင်စီက နိုင်ငံတကာဥပ‌ဒေ‌တွေကို ချိုး‌ဖောက်‌နေတဲ့သူ‌တွေဖြစ်လို့ မကြာခင် အ‌ရေးယူခြင်းခံရမယ့်သူ‌တွေ ဖြစ်တယ်။ အဲလို အ‌ရေးယူတဲ့အခါမှာလည်း သူတို့နဲ့ ပါဝင်ဆက်နွှယ်တဲ့သူ‌တွေကိုလည်း အ‌ရေးယူခံရမှာဖြစ်ပါတယ်။ အခုဆို အချို့စစ် ‌ကောင်စီက စစ်သား‌တွေ‌တောင် တပ်ထဲကထွက်ပြီး CDM လုပ်လာကြတယ်။ BGF က ကရင်လူမျိုး‌တွေဖြစ်ပြီး‌တော့ ဒါ‌တွေကို ပိုပြီးစဉ်းစားဖို့ လိုတယ်‌ပေါ့‌နော်။”လို့ ‌နော်ဆဲဆဲက ‌ပြောပါတယ်။

သို့‌ပေမယ့် နယ်ခြား‌စောင့်(BGF) တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်းမှာ တပ်ရင်းမှူးက ကရင်လူမျိုးဖြစ်‌ပေမယ့် ဒုတပ်ရင်းမှူး အပါအဝင် ကျန်အ‌ရေးပါတဲ့ တာဝန်‌တွေမှာ စစ်တပ်က ခန့်အပ်ထားတဲ့ တပ်ဖွဲ့ဝင် အ‌ယောက် (၃၀)က သာ ချုပ်ကိုင်ထားတဲ့အတွက် ‌ကေအဲန်ယူနဲ့ ပြန်လည်‌ပေါင်းစည်းဖို့က ဖြစ်နိုင်‌ခြေနည်းပါးတယ်လို့ သုံးသပ်မှုများ ရှိ‌နေ ပြန်ပါတယ်။

တစ်ခါ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း‌တွေဟာ ရရှိထားတဲ့ စီးပွား‌ရေးလုပ်ပိုင်ခွင့်‌တွေကို ‌ကျောခိုင်းပြီး မိခင်အဖွဲ့အစည်းနဲ့ တစုတစည်းထဲ ပြန်လည်‌ပေါင်းစည်းနိုင်ဖို့က လက်‌တွေ့အားဖြင့် အ‌ပြောလွယ်ပြီး အလုပ်ခက်တဲ့ အ‌နေအထား ဖြစ်‌နေတယ်လို့ ကရင့်နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ‌စောကပိက အခုလို သုံးသပ်ထားပါတယ်။

“ကျ‌နော်တို့က ကွဲသွားတဲ့ အဖွဲ့‌တွေဟာ မိခင်‌ကေအဲန်ယူအဖွဲ့အစည်းနဲ့ ပြန်လည်‌ပေါင်းစည်းဖို့ ‌မျှော်လင့်ကြတာ‌ပေါ့ ‌လေ။ ဒါ‌ပေမယ့်လည်း ရန်သူနဲ့ပူး‌ပေါင်းသွားခဲ့ပြီး ရန်သူ‌ကျွေးတဲ့ထမင်းကို စားရတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အထင် အမြင် လွှဲမှားမှု‌တွေရှိထားတဲ့အတွက် တစ်စိတ်ထဲတစ်ဝမ်းထဲ တစ်ခါထဲ ပြန်လည်ပူး‌ပေါင်းမယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စ‌တော့ မဟုတ်ဘူးလို့ ကျ‌နော်ထင်ပါတယ်။”လို့ သုံးသပ်ပါတယ်။

ဆက်လက်ပြီး “ဒီလိုဖြစ်လာဖို့က ရန်သူဘက်လည်း လိုလားမှာ မဟုတ်ပါဘူး။ ရန်သူက သူ မလိုလားတဲ့အတွက် ကြားဝင်‌သွေးထိုးမှု‌တွေ ရှိလာပြီး ပဋိပက္ခက ဒီထက် ပိုမိုဖြစ်လာနိုင်ပါတယ်။ သူတို့မှာ ရန်သူက ‌ပေးထားတဲ့ စီးပွား‌ရေး လုပ်ပိုင်ခွင့်‌တွေ၊ အခွင့်အ‌ရေး‌တွေကို စွန့်လွတ်ပြီး‌တော့ မိခင်အစည်းအရုံးနဲ့ ပြန်လာပူး‌ပေါင်းဖို့က သူတို့အတွက် အခက် အခဲတစ်ခု ဖြစ်‌စေပါတယ်။”လို့ ‌စောကပိက ဆိုပါတယ်။

ကရင်တစ်မျိုးသားလုံးလိုလားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့‌တွေ ပြန်လည်‌ပေါင်းစည်းဖို့နဲ့ တစ်ခု တည်း‌သော နိုင်ငံ‌ရေးဦး‌ဆောင်မှု‌အောက်မှာရှိ‌နေဖို့အတွက် ‌ကေအဲန်ယူအ‌နေနဲ့ ကြိုးပမ်းအ‌ကောင်အထည် ‌ဖော်‌ဆောင် တဲ့‌နေရာမှာ အခက်အခဲရှိ‌နေဆဲဖြစ်တယ်လို့ ‌ကေအဲန်ယူရဲ့ တွဲဖက်‌ထွေ‌ထွေအတွင်း‌ရေးမှူး -၂ ပဒို‌စောလှထွန်းက ‌ပြော ပါတယ်။

“ကွဲသွားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း‌တွေ ပြန်လည် စုစည်းနိုင်ဖို့အတွက် ကရင်လက်နက်ကိုင် စည်းလုံးညီ ညွတ်‌ရေး‌ကော်မတီ ထားရှိပြီး‌တော့ လုပ်‌ဆောင်‌ပေမယ့်လည်း ဒီကာလအတွင်းမှာ တစ်စုတစ်စည်းထဲ ရှိ‌အောင်‌တော့ မစွမ်း‌ဆောင်နိုင်ခဲ့ဘူး။ ကြိုးစားအ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ ခက်ခဲ‌နေဆဲ အ‌ခြေအ‌နေမှာရှိတာ‌ပေါ့‌နော်။”လို့ ပဒို ‌စောလှထွန်းက ဆိုပါတယ်။

KNU Concerned Group ရဲ့ ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက‌တော့ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ‌တွေ မိခင် ‌ကေအဲန်ယူအဖွဲ့အစည်းနဲ့ ပြန်လည်‌ပေါင်းစည်းနိုင်ဖို့က လက်ရှိ မိခင်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်မှာလည်း များစွာ မူတည်တယ်လို့ ‌ထောက်ပြ‌ပြောဆိုပါတယ်။

“တစ်ဖက်က လက်ကမ်းကြိုဆိုမှု‌သော်လည်း‌ကောင်း၊ ရပ်တည်ချက်‌သော်လည်း‌ကောင်း၊ BGF ရပ်တည်ချက်ထက်စာ ရင် လက်ရှိသွား‌နေတဲ့ NCA (အပစ်ရပ်စာချုပ်)လမ်း‌ကြောင်း၊ စစ်‌ကောင်စီနဲ့ ဆက်ဆံအုံးမယ်ဆိုတဲ့ ရပ်တည်ချက်က အများကြီး အဓိကကျတယ်‌ပေါ့။ တစ်‌ပေါင်းတစ်စည်းထဲ ပြန်လည်‌ပေါင်းစည်းဖို့ဆိုတာက BGF ချည်းပဲ မကဘဲ KNLA ရဲ့ ရပ်တည်ချက်ကလည်း အများကြီး မူတည်ပါတယ်။”လို့ ပဒိုမန်းမန်းမန်းက ‌ပြောပါတယ်။

စစ်အာဏာမသိမ်းခင် တစ်လ ဇန်နဝါရီလလယ်ပိုင်းက မြဝတီမြို့‌မြောက်ဘက် (၂၀)ကီလိုမီတာအကွာမှာရှိတဲ့ တရုတ် မြို့‌တော်လို့ လူသိများတဲ့ ‌ရွှေကုက္ကိုလ်မြို့ပြစီမံကိန်းမှာ တရားမဝင် ‌လောင်းကစား‌တွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်တပ် က ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါအရ ၎င်းတို့အုပ်ချုပ်မှု‌အောက်မှာရှိတဲ့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF) ‌ခေါင်း‌ဆောင်ပိုင်း သုံးဦးကို ဖိအား‌ပေးမှု‌တွေ ရှိခဲ့ပါတယ်။

အဲလို ဖိအား‌ပေးလုပ်‌ဆောင်မှု‌ကြောင့် ဇန်နဝါရီလ ၁၄ရက်‌နေ့မှာ BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ် သူ အပါအဝင် အရာရှိ ၃ ဦးတို့အပြင် သက်ဆိုင်ရာ အဆင့်ဆင့်က အရာရှိ ၇၀‌ကျော်ဟာ စစ်တပ်(မြန်မာ့တပ်မ‌တော်)ထံ နုတ်ထွက်စာ တင်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်‌ကြောင့် နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဟာ စစ်တပ်နဲ့ စစ်‌ရေးပဋိပက္ခဖြစ်ပွားပြီး မိခင်‌ကေအဲန်ယူ အဖွဲ့အစည်းနဲ့ ပြန်လည် ‌ပေါင်းစည်းသွား‌တော့မှာလားဆိုတဲ့ ထင်မြင်ယူဆချက်‌တွေ ထွက်‌ပေါ်ခဲ့ပါတယ်။

သို့‌ပေမယ့် စစ်အာဏာသိမ်းပြီး‌နောက် ဖြစ်‌ပေါ်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်‌ရေး လှုပ်ရှားမှု‌တွေ လုပ်‌ဆောင်‌နေတဲ့ ပြည်သူ‌တွေကို BGF တပ်ဖွဲ့က စစ်‌ကောင်စီတပ်နဲ့ပူး‌ပေါင်းပြီး ဖမ်းဆီးနှိမ်နင်းတာ‌တွေ၊ စစ်‌ကောင်စီတပ်က ‌ကေအဲန်ယူ ကို ထိုးစစ်‌တွေလုပ်‌ဆောင်ရာမှာ ပါဝင်ကူညီ‌ပေးခဲ့တာ‌တွေ‌ကြောင့် နယ်ခြား‌စောင့်တပ်ရဲ့ ရပ်တည်ချက်အ‌ပေါ် လူထု ‌တွေ ‌မေးခွန်းထုတ်တာ၊ ‌ဝေဖန်‌ထောက်ပြတာ‌တွေ ရှိလာပါတယ်။

လတ်တ‌လောမှာ အဲသလို ‌ဝေဖန်မှုမျိုးစုံနဲ့ပတ်သက်ပြီး အမှတ် (၂)တပ်နယ် ဗျူဟာမှူး ဗိုလ်မှူး‌စောတင်ဝင်းက “စစ်တပ်က BGF ကို ကြာကြာထားမှာမဟုတ်ဘူးဆိုတာ ကျ‌နော်တို့ သိပါတယ်။ ကျ‌နော်တို့အ‌ပေါ်မှာ မယုံဘူးဆိုတာလည်း သိပါတယ်။ ကျ‌နော်တို့လည်းပဲ သူတို့ကို မယုံပါဘူး။ အချိန်တန်ရင်‌တော့ ခင်ဗျားတို့ ကြားသိရမှာပါ။”လို့ ဆိုလိုက်ပါ တယ်။