ဩဂုတ် ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇)လက်အောက်ရှိ တပ်ရင်း(၁၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဘလယ်စေး ၆၄နှစ်သည် ဩဂုတ်လ ၁၅ရက် မနက် ၆နာရီခွဲခန့်တွင် ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။
“ဒီဒုရင်းမှူးက သူ့တပ်ရင်းနေရာမှာ နေမကောင်းစဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်နဲ့ဆိုတော့ ဆေးရုံတင်ပြီး သီးသန့်ကုသ နေရင်းက ဆုံးသွားတာ။ ဒါကြောင့် တပ်မဟာရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ ဈာပန ချပေးလိုက်တယ်။”ဟု နေ့တွင်းချင်း ပြုလုပ် သည့်ဈာပနတွင် အမိန့်စာပြန်ပေးခဲ့သူ KNLA တပ်ရင်း(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းစဂျွန်က ပြောသည်။
ကွယ်လွန်သူ ဗိုလ်မှူးစောဘလယ်စေးသည် KNU-ကရင်အမျိုးသားအစည်းအရုံးက ပေးအပ်သော နှစ် ၄ဝပြည့် ကရင့် တော်လှန်ရေးတာဝန်ထမ်းဆောင်သူ ဂုဏ်ပြုခံစာရင်းတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ က ကျင်းပပြုလုပ်ခဲ့သော နှစ်(၇၀)ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ခံခဲ့ရသည်။
၎င်း၏ဈာပနကို ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ မော်ပယ်ခိုကျေးရွာအနီးတွင် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြေမြှုပ်သၤဂြိုလ်ကာ အမိန့်စာပြန်ခြင်း၊ ခရစ်ယာန်ဘာသာအရ ဆုတောင်းပေးခြင်းဖြင့် ပြုလုပ်ခဲ့ ကြသည်။
ဆီးချိုအခံရှိသူ ဗိုလ်မှူးစောဘလယ်စေး ကွယ်လွန်ပြီးနောက် ဇနီးနှင့်သားသမီး ၃ဦး ကျန်ရစ်ခဲ့သော်လည်း လက်ရှိအ ချိန်တွင် ၎င်း၏ဇနီးနှင့် သမီးဖြစ်သူမှာလည်း အောက်စီဂျင်ပေးနေရသည့် အခြေအနေဖြင့် ကုသနေရဆဲဖြစ်သည်။