Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်‌ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်‌ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာ

1177

ဩဂုတ် ၂၁ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာတွင် အ‌ခြေစိုက်သည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ယ‌နေ့ ဩဂုတ် ၂ဝရက်၊ နံနက်အ‌စောပိုင်းက ‌ကျေးရွာရှိ ၎င်းတို့၏တပ်စခန်းကို စွန့်ခွာသွားသည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက “ဒီမနက် ၇နာရီကတည်းက ကျိုက်ဒုံဘက်ကို ကားနဲ့ပြန် သွားကြတယ်။ သူတို့ လက်နက်ခဲယမ်း‌တွေ အကုန်လုံး သယ်‌ဆောင်သွားပြီး ပြန်သွားကြတာ ဖြစ်ပါတယ်။ ပစ်ခတ်မှု‌တွေ ဘာ‌တွေ ဘာမှမရှိဘူး။ သူပြန်သွားပြီး အခု သူတို့စခန်းကို ‌ကေအဲန်ယူက လာရှင်းလင်းသွားပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကျိတ်‌ကျေးရွာတပ်စခန်းကို စွန့်ခွာပြီး‌နောက် ‌နေ့လည် ၁၂နာရီအချိန်တွင် နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့များမှ ‌ရောက်ရှိလာပြီး ၎င်းတပ်စခန်းကို ဘူဒိုဇာကားဖြင့်ထိုး၍ မီးရှို့ရှင်းလင်းလိုက်‌သော်လည်း အနီးဝန်းကျင်ရှိ နယ်ခြား‌စောင့်တပ် (BGF) တပ်စခန်းကို တစ်စုံတစ်ရာ လုပ်‌ဆောင်ခြင်းမရှိခဲ့‌ကြောင်း မျက်မြင်ရွာသားများက ‌ပြောသည်။

အဆိုပါ ကျိတ်‌ကျေးရွာအ‌ခြေစိုက် စစ်‌ကောင်စီတပ်စခန်းမှာ ၁၉၉၇ခုနှစ်၊ ‌စောသူမူဟဲ ဦး‌ဆောင်သည့် ‌ဟောင်သ‌ရော ကရင်ငြိမ်းချမ်း‌ရေးအဖွဲ့(KPF) လက်နက်ချခဲ့စဉ်က စစ်တပ်စခန်းအဖြစ် လာ‌ရောက်အ‌ခြေစိုက်ချခြင်းဖြစ်ပြီး ၎င်းစခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၃ဝ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်၊ တပ်မဟာနယ်‌မြေအချို့တွင်လည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း အလားတူ တပ်စခန်းစွန့်ခွာမှုများ လုပ်‌ဆောင်ခဲ့‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။