ဩဂုတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုလဆန်း ၁ ရက်နေ့မှစ၍ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်ခြင်းမှာ ၎င်းတို့၏ အာဏာတည်မြဲရေးအတွက်သာ ဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက သဘောထားမှတ်ချက်ပေးပြောဆိုသည်။
အာဏာသိမ်းပြီး ၆ လကြာပြီးနောက် စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းမှာ နိုင်ငံတကာ၏အသိအမှတ်ပြုမှု ရရှိရေးနှင့် ၎င်းတို့၏ အာဏာသိမ်းယူထားမှုကို ဆက်လက် တည်မြဲစေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း KNU ဒု ဥက္ကဌ ပဒို စောကွယ်ထူးဝင်းက ယခုလိုပြောသည်။
“အိမ်စောင့်အစိုးရအနေနဲ့ ဖွဲ့စည်းလည်း ဒီလူတွေပဲလေ။ အခုက ၆ လပြည့်တော့ ကမာ္ဘကို သူတို့ကို သူတို့ အုပ်ချုပ်ရေး အစိုးရအနေနဲ့ ဖော်ပြချင်တာရယ်၊ နောက်တစ်ခုက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို သူတို့ အုပ်ချုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးပြချင်တာကြောင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ကြိုးပမ်းတဲ့သဘောပါပဲ။ KNU ရဲ့ သဘောထားကတော့ အရင်အတိုင်းပါပဲ။ ဘာမှ ပြောင်းလဲမှာမဟုတ်ပါဘူး။ သူတို့ ဘယ်လိုပဲလုပ်လုပ် သူတို့ အာဏာတည်မြဲဖို့အတွက်ပဲ လုပ်တာပါ” ဟု ကေအိုင်စီသို့ပြောသည်။
အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းကြောင်း ဩဂုတ်လ ၁ ရက်နေ့က ကြေညာပြီးသည့်နောက် စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာ ထားသည်။
ဩဂုတ်လ ၁ရက်နေ့က ပြောဆိုခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောစကား တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အနည်းကျဉ်းပြောဆိုခဲ့ပြီး ယခင်ထိုးပြီးသား NCA စာချုပ် အတိုင်း ခိုင်မာစွာ ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပဒိုကွယ်ထူးဝင်းက ယခုလို မှတ်ချက်ပြုပြောဆိုသည်။
“သူတို့နဲ့ အပစ်ရပ်စာချုပ်အတိုင်း သွားခဲ့ဖူးပြီးပြီ။ အခုက သူ့ရဲ့ ပြောစကားထဲမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို ဖွဲ့စည်းတည်ထောင်ဖို့ အများကြီး ပြောသွားတာမရှိဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည် ထောင်သွားမယ်ဆိုတဲ့ အချက်အလက်အသေအချာတစ်ခုမှ ပြောမသွားဘူး။ ကျနော်တို့ မြင်တာက အရင်ပုံစံ အတိုင်းပဲ။ သူတို့က အာဏာကို မက်မောတဲ့သူတွေပဲ။ သူတို့ အာဏာရဖို့အတွက် သူတို့လက်ထဲမှာ အာဏာ တည်မြဲဖို့အတွက်က ဘယ်နည်းလမ်းမဆို သူတို့ ကြိုးပမ်းမှာပဲ” ဟု ပဒို စောကွယ်ထူးဝင်းက ပြောသည်။
ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ဆောက်ရမည် ဖြစ်ကြောင်း နှင့် အကြမ်းဖက်အဖွဲ့အစည်းအနေဖြင့် ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှ အပ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို တွေ့ဆုံဆွေးနွေးရန်လည်း ဖိတ်ခေါ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သူ၏ မိန့်ခွန်းတွင် ဆက်လက်ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် အာဏာတည်မြဲရေး နှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေရန် ကြိုးပမ်းမှုများသာဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက် ရေးအတွက် ယုံကြည်ဖွယ်ရာမရှိဘဲ စစ်ကောင်စီ၏ ပြောဆိုချက်များ နှင့် လုပ်ဆောင်ချက်များအပေါ် ကျန်တိုင်း ရင်းသား အဖွဲ့အစည်းများအနေဖြင့် သတိထား ဆင်ခြင်သင့်ကြောင်းလည်း KNU ဘက်က ဆိုသည်။
ယခင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းယူစဉ်ကာလအတွင်း လာမည့် ၂၀၂၂ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်ရှိ အိမ်စောင့်အစိုးရအနေဖြင့် ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီးနောက် လာမည့် ၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲ ခေါ်ယူ ကျင်းပပေးမည်ဖြစ်ကြောင်း လေသံပြောင်းလဲ ပြောဆိုခဲ့ခြင်းမှာ ၎င်းတို့၏ အာဏာသိမ်းယူမှုကို ဆက်လက်တည်တံ့စေရန်နှင့် ပြည်သူအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရအောင် အမည်ပြောင်းလဲ ဖွဲ့စည်းခြင်းမျိုးသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ စောကပိက ယခုလိုသုံးသပ်ပြောဆိုသည်။
“တိုတိုပြောရရင် တိုင်းပြည်အာဏာ၊ နိုင်ငံရေး အာဏာကို နှစ်ရှည်လများ ရယူထားခြင်းတာရယ်၊ သူများ အသိအ မှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူလူထုနဲ့ နိုင်ငံတကာတွေအနေနဲ့ သူတို့ကို ခေါ်ယူသုံးနှုန်းတဲ့ အခေါ် အဝေါ်မှာ အစိုးရ ဆိုတဲ့ စကားလုံးလေးပါလာဖို့အတွက် သူတို့ရဲ့ အခြေခံစဉ်းစားချက်လို့ ကျနော်ယူဆတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ခေါင်းဆောင်၏ ပြောဆိုမှုမှာလည်း ၎င်းတို့၏ အာဏာတည်မြဲရေး နှင့် အာဏာရရှိရေးအတွက် ပြောဆိုမှုမျိုးသာဖြစ်ပြီး ၎င်းပြောစကားများအပေါ် အရေးတယူ အသိအမှတ်ပြုရန် မလိုအပ်ကြောင်းလည်း စောကပိက ဆက်လက်ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီမှ အိမ်စောင့် အစိုးရအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းအပေါ် ဝေဖန်မှုများစွာ ရှိနေပြီး အများအားဖြင့် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အသိအမှတ်ပြုခံရရေးအတွက် ယခုလို အသွင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသုံးသပ်ပြောဆိုခဲ့ကြသည်။ အဆိုပါ ဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း မတရားအသင်းအဖြစ် ယမန်နေ့(ဩဂုတ် ၂ရက်) က ကြေညာထုတ်ပြန်ထားသည်။



















