Home သတင်း စစ်‌ကောင်စီတပ်များ စစ်‌ရေးပိုမိုလှုပ်ရှားလာမှု‌ကြောင့် KNU တပ်မဟာ(၆)မှ ‌ဒေသခံအချို့ထွက်‌ပြေးတိမ်း‌ရှောင်‌နေ

စစ်‌ကောင်စီတပ်များ စစ်‌ရေးပိုမိုလှုပ်ရှားလာမှု‌ကြောင့် KNU တပ်မဟာ(၆)မှ ‌ဒေသခံအချို့ထွက်‌ပြေးတိမ်း‌ရှောင်‌နေ

1709

ဩဂုတ် ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌တောင်ဘက်တွင် ယမန်‌နေ့ဩဂုတ် ၂၂ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာ‌သော‌ကြောင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် ‌ဒေသခံအချို့မှာ ထွက်‌ပြေးတိမ်း‌ရှောင် မှုများ ရှိ‌နေသည်ဟု သိရသည်။

‌ကော့ကရိတ်မြို့‌တောင်ဘက် အာရှလမ်းမကြီးတစ်ဖက်ခြမ်းရှိ ကမိုင်ကုန်း‌ကျေးရွာတွင် ရာနှင့်ချီသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ယမန်‌နေ့မှစ၍ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဝင်‌ရောက်လာသကဲ့သို့ ထို‌နေရာနှင့်မနီးမ‌ဝေး ရှိ KNLA တပ်ဖွဲ့ဝင်များကလည်း ‌ခြေကုပ်‌နေရာထားသည့်အ‌နေအထား‌ကြောင့် ပစ်ခတ်မှုများ အချိန်မ‌ရွေး ဖြစ်ပွား နိုင်‌ကြောင်း ‌ဒေသခံရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “အခု စစ်တပ်က ကမိုင်ကုန်းမှာ‌ရောက်‌နေပြီး တပ်အင်အား တစ်ရာ‌ကျော်‌လောက်ရှိတယ်။ တစ်ဖက်မှာ လည်း ကရင်စစ်သား(KNLA)‌တွေလည်း အသင့်အ‌နေအထားမှာ ‌နေရာယူထားတယ်။ စစ်တပ်က တက်လာရင် ‌သေချာ‌ပေါက် တိုက်ပွဲဖြစ်မှာ။ အဲဒါ‌ကြောင့် ရွာသားအချို့က မ‌နေ့ကတည်း ‌ဘေးလွတ်ရာကို တိမ်း‌ရှောင်ထားတာ ‌တွေ ရှိ‌နေတယ်”ဟု ‌ပြောသည်။

ကမိုင်ကုန်း‌ကျေးရွာရှိ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA တပ်ဖွဲ့များတည်ရှိသည့်ဘက်သို့ တဖြည်းဖြည်း ‌နေရာယူလှုပ်ရှားလာ‌သော‌ကြောင့် အချိန်မ‌ရွေးပစ်ခတ်မှုများ ဖြစ်ပွားလာသည့်အ‌ပေါ် ‌ကော့ကရိတ်-ကျိုက်ဒုံအထိ ဆက်သွယ်ထား‌သော ကားလမ်းမနံ‌ဘေးတစ်‌လျှောက်ရှိ ‌ဒေသခံပြည်သူများမှာ ယမန်‌နေ့ညကတည်းက တိမ်း ‌ရှောင်ထား‌နေကြခြင်းဖြစ်သည်။

ထို့အပြင် ကျိုက်ဒုံဘက်ရှိ စစ်‌ကောင်စီတပ်များသည်လည်း ပြီးခဲ့သည့် ၂၁ရက်‌နေ့ မနက်က ၎င်းတို့စွန့်ခွာခဲ့သည့် ကျိတ်တပ်စခန်းတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ရန် ပြန်လှည့်လာသည်ဆို‌သော သတင်း‌ကြောင့် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ထိ‌တွေ့ပစ်ခတ်မှုများ ဖြစ်‌ပေါ်လာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိသည်။

“ပြန်လာရင်‌တော့ အပြင်မှာပဲဖြစ်ဖြစ်၊ စခန်းမှာပဲဖြစ်ဖြစ် အကုန်ပစ်မယ်လို့ ဒီဘက်လူ (KNLA) ‌ပြောထားတယ်။ အကယ်၍ ပစ်ခတ်တာ‌တွေဖြစ်လာခဲ့ရင် ရွာသား‌တွေအ‌နေနဲ့ ‌ရှောင်ထား‌ပေးဖို့‌ပြောတယ်။ ကျ‌နော်တို့က အားလုံး ကို ‌ကြောက်‌နေရတယ်‌ပေါ့‌နော်။ ဘယ်လိုလုပ်ရမှန်း‌တောင် မသိဘူး။”ဟု အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ‌ပြောသည်။

ထို့အတူ ‌ကော့ကရိတ်မြို့ အ‌နောင်‌တောင်ဘက်ရှိ ထီးဟူးသံ‌ကျေးရွာဘက်တွင်လည်း ရာနှင့်ချီသည့် စစ်‌ကောင်စီ တပ်များက ယမန်‌နေ့ ဩဂုတ်လ ၂၂ရက်‌နေ့တွင် စတင် ဝင်‌ရောက်လှုပ်ရှား‌နေသလို ထို‌နေ့တွင်ပင် မြဝတီမြို့၏ အ‌နောက်‌တောင်ဘက် ကွင်းက‌လေးရွာဘက်တွင် KNLA တပ်မဟာ(၆) အထူးတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့ ပစ် ခတ်မှု ဖြစ်ပွားခဲ့‌သေးသည်။

အဆိုပါတိုက်ပွဲ‌ကြောင့် အနီးဝန်းကျင်‌ကျေးရွာရှိ ရွာသားများမှာ ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်‌နေကြပြီး စစ်‌ကောင်စီ တပ်နှင့် KNLA တပ်ဖွဲ့တို့မှာ လက်ရှိအချိန်တွင် ပစ်ခတ်မှုမရှိ‌တော့‌သော်လည်း နှစ်ဖက်တင်းမာ‌နေဆဲ အ‌ခြေအ‌နေ တွင်ရှိ‌နေဆဲဖြစ်‌ကြောင်း သိရသည်။

ထိုသို့ ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်ဘက်က ‌ကေအဲန်ယူနယ်‌မြေထဲတွင် အမျိုးသားညီညွတ်‌ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မ‌တော် (PDF) တပ်ဖွဲ့ဝင်များရှိသည်ဟူ‌သော အ‌ကြောင်းပြချက်ဖြင့် ယခုလဆန်းပိုင်းမှ စ၍ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA ၏ တပ်မဟာနယ်‌မြေ အ‌တော်များများတွင် နယ်ခြား‌စောင့်တပ်များ နှင့်အတူ အင်အားပြကာ လှုပ်ရှားလာ‌နေကြသည်ဟု KNLA ဗဟိုဌာနချုပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ် အရ သိရှိရသည်။