ဇူလိုင် ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖားအံလူငယ်များစုပေါင်းပြီး ” Sharing is Caring ” အစီအစဉ်ဖြင့် ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်)မှ စ၍ ဖားအံမြို့တွင် အခမဲ့ဆေးဝါးလှူဒါန်းမှု ပြုလုပ်ပေးသည်ဟု သိရှိရသည်။
အမှန်တကယ်ဆေးဝါးလိုအပ်သည့် ပြည်သူလူထုများကို ရည်ရွယ်ပြီး ပေးလှူမည်ဖြစ်ကာ Royal-D၊ LORATADINE TABLETS USP 10 MG၊ BROMCOLEX၊ Paracetamol၊ Vitamin C၊ Pai Ampi၊ Solmux၊ APR 2024၊ air-x၊ mask စသည့် ဆေးဝါးများ ရရှိနိုင်သည်ဟု ဖားအံလူငယ်တစ်ဦးမှ ပြောသည်။
” ကျနော်တို့က အခမဲ့ပေးတော့ အမှန်တကယ်လိုအပ်ရင် အမှန်တကယ်လိုအပ်တဲ့ ဆေးတစ်မျိုးကိုပဲ လာယူစေချင်တယ်။ တခါလာယူရင်တော့ ဆေး ၃ ရက်စာအတွက် ပေးမယ်။ ကုန်ရင် လိုအပ်သေးရင် ထပ်လာယူလို့ရတယ်။ ဆေးရှိတဲ့အချိန်ပဲ ပေးနိုင်မယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဆေးများကို ဖားအံမြို့ အမှတ် (၉) ရပ်ကွက်၊ ကြာအင်းတောင်ခြေရှိ FRIEND စားသောက်ဆိုင်တွင် အခမဲ့ပေးရယူနိုင်သည်ဟု သိရသည်။
လက်ရှိ ကရင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်မားလာသည်နှင့်အမျှ ပြည်နယ်ရှိ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များတွင် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံတွေ့လျက်ရှိသည်ဟု ဆေးဝါးရောင်းချသူ များက ပြောသည်။



















