ဇူလိုင် ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လတ်တလော ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG)၏ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အဖွဲ့ Covid-19 Task Force(CTF)ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဇူလိုင်လ ၂၂ ရက်)တွင် CTF က ထုတ်ပြန် ကြေညာခဲ့သည်။
ယခုလ ၁၇ ရက်နေ့က အဆိုပါ CTF အဖွဲ့ကို တိုင်းရင်းသား ကျန်းမာရေးကော်မတီ ခေါင်းဆောင်များနှင့် NUG အ စိုးရအဖွဲ့၏ ကျန်းမာရေး ဝန်ကြီးများပါဝင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တလော ကူးစက်မှု မြင့်မားနေသည့် ကိုဗစ် ကပ်ရောဂါကို အတူတကွ ပူးပေါင်းကာကွယ်ထိန်းချုပ်ရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု အဖွဲ့၏ ပြောခွင့်ရ ပဒို မန်းမန်းမန်းက ယခုလိုပြောသည်။
“ပြီးခဲ့တဲ့ ဇွန်လနဲ့ အခုဇူလိုင်လကစပြီး ကျနော်တို့ မြို့ကြီး၊ ပြကြီးတွေအပြင် တိုင်းရင်းသား ဒေသတွေက အစ နယ် စပ်ဒေသတွေအထိ ဒီကိုဗစ်ရောဂါက ကူးစက်မှုတွေ တွေ့လာရတဲ့အတွက် ကိုယ့်ရဲ့ အဝန်းအဝိုင်းနဲ့ဘဲ လုပ်ဆောင် သွားဖို့က မဖြစ်သင့်တော့တဲ့အတွက် ဒါကို ကျယ်ပြန့်စွာ လုပ်ဆောင်လာဖို့လိုတယ်။ ကျနော်တို့ ကာကွယ် ထိန်း ချုပ်မှုကို အသေအချာ မလုပ်နိုင်ဘူးဆိုရင် လာမယ့်အနာဂတ်မှာသေဆုံးထိခိုက်မှုတွေက ဒီထက်များ လာနိုင်တဲ့ အတွက် ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်သွားနိုင်ရန် ယခုလို NUG အစိုးရ ဝန်ကြီးများနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်ပြီး NUG အစိုးရ၏ ဦးဆောင်မှုဖြင့် သွားမည်မဟုတ်ဘဲ ကော်မတီ၏ ဦးဆောင်မှုဖြင့်သာ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်သည် ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။
ယခု ဖွဲ့စည်းလိုက်သော CTF ကို တိုင်းရင်းသားကျန်းမာရေးကော်မတီ ဥက္ကဌ ဒေါက်တာ စင်သီယာမောင်မှ အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပြင် ကျန်ရှိသော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်း သားကျန်းမာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တတ်သိပညာရှင်များမှ အဖွဲ့ဝင်များ အနေဖြင့် ပါဝင်သွားမည်ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ အဖွဲ့အနေဖြင့် ကိုဗစ်အသိပညာပေးမှုများ၊ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များ၊ ကိုဗစ်ကာကွယ် ဆေးအပါအဝင် ရောဂါထိန်းချုပ် ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံ့များ ရရှိနိုင်ရေးအတွက် နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ကိုဗစ်ကာလ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားမည်ဟုလည်း ပြောဆိုထားသည်။
ထို့အပြင် အဆိုပါ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကိုဗစ်ကာကွယ်ဆေးအပါ အဝင် လိုအပ်သော နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီများကို ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံ တကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံ များအနေဖြင့် အမြန်ဆုံးထောက်ပံ့ပေးရန် တောင်းဆိုထားသလို ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်ရန် ပြည်သူ များအနေဖြင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန်လည်း CTFက တိုက်တွန်း ထုတ်ပြန်ထားသည်။
လက်ရှိဖွဲ့စည်းလိုက်သည့် CTF တွင် NUG ကျန်းမာရေး ဝန်ကြီးများနှင့် တာဝန်ရှိသူများအပြင် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများတွင် ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကျန်းမာရေး အင်အားစုများလည်းပါဝင်အားဖြည့်ထားသည့် အဖွဲ့အစည်းဖြစ်သည်။
လက်တလော မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ကူးစက်မှုဒဏ် အမြင့်ဆုံးခံနေရပြီး ရောဂါ ကုသမှုခံယူနိုင်ရန် ဆေးရုံဆေးခန်းများ အလုံအလောက်မရှိခြင်း၊ အောက်ဆီဂျင်ကို အကန့်အသတ်ဖြင့် လုယူဝယ်ယူနေရခြင်း နှင့် စစ်ကောင်စီ၏ ကိုဗစ်ထိန်းချုပ် ကုသကာကွယ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာအကောင်အထည် ဖော် ဆောင်ရွက်ခြင်းမျိုးမရှိသောကြောင့် ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးသူ ၆,၀၀ဝ နီးပါးရှိနေပြီး နှစ်သိန်း လေးသောင်း ကျော် ကူးစက်ခံနေရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။



















