ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့ အုပ်ချုပ်နယ်မြေများ အ တွင်း ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တချို့နှင့် ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကို ကရင် ပြည်နယ် စစ်ကောင်စီမှ ကန့်ကွက်မှုများရှိသော်လည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု KNU ကျန်းမာရေးဌာနဘက်က ပြောသည်။
လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါအခြေအနေသည် အမျိုးသားလုံခြုံရေးအဆင့်အထိ သတ်မှတ် ထားခြင်းဖြစ်၍ KNU ဗဟို၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်သွားရမည်သာဖြစ်ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူး ပဒိုစောဒိုင်းမွန်းခင် က ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ဘက်ကတော့ ကိုယ့်အမျိုးသားပြည်သူကို လာထိခိုက်စေနိုင်မယ့် ဒီကိုဗစ်ကပ်ရောဂါကို မိခင် KNU အနေနဲ့ အမျိုးသား လုံခြုံရေးအဆင့်အထိ သတ်မှတ်ထားတဲ့အတွက် ကျနော်တို့က ဆက်လက်လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ အသက်လုံခြုံရေးအထိ ထိခိုက်လာဖို့ရှိရင်တော့ ဒါတော့ ဆက်လုပ်ဖို့က အဆင်မ ပြေဘူးပေါ့။ ဒါပေမဲ့ လုပ်တော့ ဆက်လုပ်ရမှာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်စစ်ကောင်စီမှ KNU ဆက်ဆံရေးရုံးများမှတဆင့် KNU တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်အတွင်း တာဝန်ရှိသူများမှ ကျေးရွာများနှင့် ကော့ကရိတ်မြို့အတွင်း ဝင်ထွက်သွားလာမည့် လမ်းများကို ၁၄ ရက်ကြာပိတ်ထားမည့်အပေါ်နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ထားရှိခြင်းအပေါ် ကန့်ကွက်ကြောင်း ဗိုလ်မှူးကြီး မျိုးမင်းနောင် လက်မှတ်ရေးထိုး၍ စာပေးပို့ထားကြောင်း တွေ့ရသည်။
၎င်း ကန့်ကွက်စာအရ ကေအဲန်ယူဘက်မှ KNU တပ်ဖွဲ့ဝင် ၂ ဦး၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တပ်ဖွဲ့ဝင် (၂) ဦးနှင့် KNU ၏ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများပါဝင်၍ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်းအပေါ် စစ်ကောင်စီဘက်မှ NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက် ရန်၊ နယ်ဘက်ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် ၎င်းဆောင်ရွက်ချက်များကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကန့်ကွက်ကြောင်း ဆိုထားသည်။

ယခုလို ကန့်ကွက်စာ ပေးပို့လာမှုရှိသော်လည်း KNU ဗဟိုအနေဖြင့်လည်း တရားဝင် တစ်စုံတစ်ရာ ပြန်လည် ညွှန်ကြားထားခြင်းမျိုးမရှိသည့်အတွက် လက်ရှိ ကိုဗစ်ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အမျိုးသားကျန်းမာရေးအတွက် မိမိသာ ကာကွယ်ရမှာဖြစ်ကြောင်းလည်း ပဒို စောဒိုင်းမွန်းခင်က ဆက်ပြောသည်။
ကော့ကရိတ်ဒေသခံ ရွာသားတစ်ဦးက “အခု ကော့ကရိတ်မြို့မှာဆိုရင် ကိုဗစ်ကူးစက်မှုတော်တော်လေးကို ပျံ့နှံ့နေပြီ။ ကော့ကရိတ်-ကျိုက်ဒုံလမ်းကို ကေအဲန်ယူကျန်းမာရေးဌာနက ဂိတ်ချပြီး အချိန်မီပိတ်ထားပေးလို့ ကျနော်တို့ တို့ဘက်မှာ ခံသာတာ။ မပိတ်လို့ကတော့ ဘယ်လိုမှထိန်းလို့ရမှာ မဟုတ်တော့ဘူး။ သွားရေးလာရေး အခက်အခဲအချို့ရှိပေမယ့် ဒီလိုကပ်ရောဂါကူးစက်မှုအခြေအနေမှာ အပြည့်အဝနားလည်ပေးလို့ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF (တပ်ရင်း- ၁၀၁၄) တပ်မှ KNU သထုံခရိုင်၊ ဖားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ ဘောသပြုကျေးရွာ ၏ ကိုယ်ထူကိုယ်ထ Covid -19 စစ်ဆေးရေးဂိတ်အား သွားရောက်ဖျက်ဆီးခဲ့ကြောင်း KNU ဘက်က ယမန်နေ့(ဇူလိုင် ၁၉ရက်) က သတင်းထုတ်ပြန်ထားသေးသည်။
လတ်တလော ကိုဗစ် ကူးစက်မှု မြင့်မားနေချိန် ကိုဗစ်အကြောင်းပြ၍ KNU ၏ ထိစပ်နယ်မြေအချို့တွင် စစ်ကောင် စီဘက်မှ ကိုဗစ်စစ်ဆေးရေး ဂိတ်များတိုးချဲ့ဖွင့်လှစ်၍ လမ်းသွား၊ လမ်းလာယာဉ်များကို စစ်ဆေးမှုများ၊ လက်ကိုင်ဖုန်းများ စစ်ဆေးမှုများနှင့် ငွေကြေးတောင်းခံမှုများပါ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင်လည်း KNU ထိန်းချုပ် နယ်မြေတချို့တွင် ကိုဗစ်တတိယလှိုင်း ကူးစက်ခံရမှုများရှိနေပြီး ၎င်းကို ကာ ကွယ်တားဆီးနိုင်ရေးအတွက် KNU၏ ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ ကိုဗစ်ကာကွယ် တားဆီးရေး လုပ်ငန်းစဉ်များ စည်းကမ်းလမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး ကာကွယ်တားဆီးမှုအတွက် ပိုမိုတင်းကြပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။



















