ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က
ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအနက် ၃၆ ဦးကို ယနေ့ နံနက်ပိုင်းက ဖားအံတရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ဖားအံမြို့ ပိတောက်လမ်း ကမ်းနားပိုင်းနေရာတွင် အဖမ်းခံရသည့် လူ ငယ် ၃၆ ဦးကို ယနေ့ ဇွန်လ ၁၁ ရက် နံနက်တွင် ဖားအံတရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်သည်ဟု ထောင်ဒဏ် အမိန့်ချခံရသူများနှင့် နီးစပ်သူများက ပြော သည်။
၎င်းအပြင် ထိုနေ့တရက်တည်းတွင် ရဲဘော်ဈေးအနီး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ အဖမ်းခံခဲ့ရသူများကိုလည်း ယနေ့တွင်ပင် အမိန့်ချရန်ရှိနေသည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောနေကြသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများရှိခဲ့သလို ကရင်ပြည်နယ် ဖားအံမြို့တွင်လည်း မြို့လုံးကျွတ်နီးပါး ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖားအံမြို့တွင် လူရာနှင့်ချီ ဖမ်းဆီးခံခဲ့ရပြီး ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်တွင် ထိုသို့ ဖမ်းဆီးခံရသူများအနက် ၃၆ ဦးကို ဖားအံတရားရုံးတွင် ထောင်ဒဏ် ၂ နှစ်စီ အမိန့်စချခဲ့ခြင်း ဖြစ်သည်။




















