Home သတင်း NCA အပစ်ရပ် (၈)ဖွဲ့မှ စစ်‌ကောင်စီနှင့် ‌ဆွေး‌နွေးရန် နိုင်ငံတကာထံ အကူအညီ‌တောင်းခံမှုအ‌ပေါ် ဥပ‌ဒေစိုးမိုး‌ရေး အ‌ခြေခံနှင့် ဆန့်ကျင်‌ကြောင်း LAN ထုတ်ပြန်

NCA အပစ်ရပ် (၈)ဖွဲ့မှ စစ်‌ကောင်စီနှင့် ‌ဆွေး‌နွေးရန် နိုင်ငံတကာထံ အကူအညီ‌တောင်းခံမှုအ‌ပေါ် ဥပ‌ဒေစိုးမိုး‌ရေး အ‌ခြေခံနှင့် ဆန့်ကျင်‌ကြောင်း LAN ထုတ်ပြန်

7443

‌မေလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဝင်‌ရောက်‌ဖြေရှင်း‌ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအချို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)လက်မှတ်‌ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်‌တော် လှန်‌ရေးအဖွဲ့အစည်း (NCA-EAOs) (၈) ဖွဲ့၏ အကူအညီ‌တောင်းခံမှုသည် ဥပ‌ဒေ စိုးမိုး‌ရေးအ‌ခြေခံနှင့် ဆန့်ကျင် ‌နေ‌ကြောင်း ဥပ‌ဒေ အ‌ထောက်အကူ ပြုကွန်ယက်(LAN) က ယ‌နေ့ သုံးသပ်ထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့ သည်။

‌မေလ ၁၁ ရက်‌နေ့က နိုင်ငံတကာအသိုင်းအဝိုင်းတချို့ကို လိပ်မူကာ NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် (၁၀)ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ကရင်ငြိမ်းချမ်း ‌ရေး‌ကောင်စီ (KNU/KNLA-PC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ လက်မှတ်‌ရေးထိုး၍ ၎င်းနိုင်ငံများ အ‌နေဖြင့် ကြားဝင်‌စေ့စပ်‌ရေးအခန်းကဏ္ဍမှ ပါဝင်သွားရန် ‌တောင်းခံထားခြင်းဖြစ်သည်ဟု LAN က ဆိုသည်။

၎င်းအကူအညီ‌တောင်းခံမှု၏ အဆိုပြုစာအရ NCA ကို အ‌ကြောင်းပြ၍ စစ်‌ကောင်စီ နှင့် နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးရန် တင်ပြခြင်းသည် ဥပ‌ဒေ‌ကြောင်းအရ မှားယွင်း‌နေပြီး နိုင်ငံ‌ရေးအရ ညှိနှိုင်း‌ဆွေး‌နွေးခြင်းဖြင့် အကြမ်းဖက်စစ်‌ကောင်စီ၏ လုပ်ရပ်များအ‌ပေါ် ကင်းလွှတ်ခွင့်‌ပေးသည့် လမ်း‌ကြောင်းကို ‌ဖော်‌ဆောင်‌နေခြင်းဖြစ်‌ကြောင်း LAN က ‌ထောက်ပြ ထားသည်။

“NCA စာချုပ်အရ ဥပ‌ဒေ စိုးမိုး‌ရေးကို အ‌ကောင်အထည်‌ဖော်၍ မရနိုင်သလို တရားမျှတမှု နှင့် လူ့အခွင့်အ‌ရေးကို လည်း ရရှိမည်မဟုတ်‌ကြောင်း၊ ဥပ‌ဒေ စိုးမိုး‌ရေးကို ညှိနှိုင်းယူ၍ မရဘဲ ထိုသို့ညှိနှိုင်းခြင်းဖြင့် ပြစ်မှုကျူးလွန်သူ၊ စာချုပ်‌ဖောက် ဖျက်သူများကို အ‌ရေးယူခံရခြင်းမှ ကင်းလွှတ်ခွင့်‌ပေးနိုင်‌သော‌ကြောင့် ဥပ‌ဒေ စိုးမိုး‌ရေး အ‌ခြေခံ နှင့် ဆန့်ကျင်လျက်ရှိသည်” ဟု ဆိုထားသည်။

ထို့အပြင် လက်ရှိ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ ပြဌာန်းချက်များကို ချိုး‌ဖောက်ခဲ့သလို NCA သ‌ဘောတူညီချက်ပါ ပြဌာန်းချက်များကိုလည်း ချိုး‌ဖောက်ခဲ့ပြီးဖြစ်‌ကြောင်းနှင့် နိုင်ငံတကာ ဥပ‌ဒေ အ‌ခြေခံများအရ လည်း‌ကောင်း၊ နိုင်ငံတချို့၏ အ‌တွေ့အကြုံများဖြင့် နှိုင်းယှဉ်သုံးသပ်ချက်အရ NCA စာချုပ်သည်လည်း ဥပ‌ဒေအရ တရားဝင်မှုမရှိ‌ကြောင်းလည်း LAN က သုံးသပ်ထားသည်။

ဥပ‌ဒေ စိုးမိုး‌ရေး အ‌ခြေခံဖြင့် စစ်‌ကောင်စီကို ‌ဆွေး‌နွေးဖက်အဖြစ် ထည့်သွင်းစဉ်းစားခြင်း‌ကြောင့် ပြည်တွင်းစစ် တစ်‌လျှောက်လုံးနှင့် ယ‌နေ့အချိန်ထိ စစ်‌ခေါင်း‌ဆောင်များကျူးလွန်ခဲ့သည့် ပြစ်မှုများကို ကင်းလွှတ်ခွင့်‌ပေးခြင်း ဖြစ်သလို ‌နောက်ထပ်ကျူးလွန်ရန် ခွင့်ပြုအား‌ပေးရာလည်း ‌ရောက်‌ကြောင်း ၎င်းတို့၏ သုံးသပ်ချက်၌ ထည့် သွင်း‌ဖော်ပြထားသည်။

တိုင်းရင်းသား လူထုတရပ်လုံး စစ်အာဏာရှင် အမြစ်ဖြုတ် တိုက်ပွဲဝင်‌နေချိန် NCA အပစ်ရပ်အဖွဲ့များအ‌နေဖြင့် NCAကို ဆုပ်ကိုင်လျက် စစ်‌ကောင်စီနှင့် ‌ဆွေး‌နွေး‌ရေး လမ်း‌ကြောင်းတင်သွင်းခြင်းသည်လည်း ဥပ‌ဒေ စိုးမိုး‌ရေးကို လုံးဝ မျက်ကွယ်ပြုခြင်းဖြစ်ပြီး ၎င်းတို့၏ နိုင်ငံ‌ရေး ဂုဏ်သိက္ခာကို ထိခိုက်‌စေကာ ယခုလုပ်ရပ်အား ကန့်ကွက်ရှုတ် ချ‌ကြောင်းလည်း LAN က ဆိုသည်။

ဆက်လက်ပြီး အမျိုးသား ညီညွတ်‌ရေး အစိုးရ (NUG) နှင့် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီ (CRPH) အ‌နေဖြင့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဖြစ်‌ကြောင်း တရားဝင် ထုတ်ပြန်‌ကြေညာသင့်‌ကြောင်း နှင့် NUG အစိုးရအဖွဲ့တွင် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၏ အဖွဲ့ဝင်များကို ထည့်သွင်းဖွဲ့စည်းရာတွင် ပြတ်သားရှင်းလင်းသည့် မူဝါဒကို ချမှတ်‌ဆောင်ရွက်သင့်‌ကြောင်း LAN က အကြံပြု တိုက်တွန်းထားသည်။

ထို့အပြင် NCA အပစ်ရပ်အဖွဲ့များအ‌နေဖြင့် NCA စာချုပ်မှ နုတ်ထွက်‌ကြောင်း တရားဝင် ‌ကြေညာရန်လိုအပ်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (မူကြမ်း)‌ရေးဆွဲ‌ရေးနှင့် ညှိနှိုင်းမှု‌ကော်မတီ- FCDCC ၏ ဖက်ဒရယ်ဖွဲ့စည်းပုံ ဒုတိယ မူကြမ်းကို ယာယီ အတည်ပြုပြီး ၎င်းကို အ‌ခြေခံ၍ ‌ပေါ်‌ပေါက်လာသည့် ကြားကာလဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ တစ်ရပ်ရပ်ကို အတည်ပြုကာ စစ်အာဏာရှင်အမြစ်ပြတ်တိုက်ဖျက်‌ရေးတွင် ပါဝင်ရန် ဆက်လက်တိုက်တွန်း အကြံပြုထားသည်။

အဆိုပါ နိုင်ငံတကာသို့ ‌ပေးပို့သည့် အကူအညီ‌တောင်းခံစာတွင် NCA အပစ်ရပ် (၁၀)ဖွဲ့အနက် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ အဖွဲ့အစည်းအမည်ကို ‌ဖော်ပြထား‌ကြောင်း‌တွေ့ ရ‌သော်လည်း တာဝန်ရှိသူများမှ လက်မှတ်‌ရေးထိုးထားခြင်းမရှိ‌ကြောင်း သိရသည်။