Home သတင်း KNU တပ်မဟာ(၅)နှင့် ထိ‌တွေ့မှု၌ စစ်‌ကောင်စီ ကားတစ်စီးတိမ်း‌မှောက်၊ ကား‌ပေါ်ပါ (၇) ဦးစလုံး ‌သေဆုံး

KNU တပ်မဟာ(၅)နှင့် ထိ‌တွေ့မှု၌ စစ်‌ကောင်စီ ကားတစ်စီးတိမ်း‌မှောက်၊ ကား‌ပေါ်ပါ (၇) ဦးစလုံး ‌သေဆုံး

14774
မတ်လ ၂၉ ရက်‌နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို ‌နေရာတွင် စစ်‌ကောင်စီ ၏ ‌ခြေမြန် တပ်ရင်း(ခမရ-၄၀၈)တပ်ဖွဲ့ဝင်များကိုတင်‌ဆောင်လာသည့် ကားတစ်စီး တိမ်း‌မှောက်ခဲ့စဉ်

‌မေလ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ အကြား ယမန်‌နေ့ (‌မေလ ၄ရက်)က ဖာပွန်မြို့အနီး ထိ‌တွေ့မှုဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီ ဘက်မှ ကားတစ်စီး တိမ်း‌မှောက်ခဲ့ရာ ကား‌ပေါ်ပါ စစ်‌ကောင်စီ တပ်ဖွဲ့ဝင် (၇)ဦးစလုံး ‌သေဆုံးသွားခဲ့‌ကြောင်း KNU ဘက်က ‌ပြောသည်။

ယမန်‌နေ့ မွန်းတည့်(၁၂) နာရီ ဝန်းကျင်ခန့်တွင် ဖာပွန်မြို့ အ‌ရှေ့ဘက်ခြမ်းရှိ ဖာပွန်မြို့ နှင့် ‌ခေါပူ စပ်ကြားတွင် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်- KNLA တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အကြား ရင်ဆိုင် ပစ်ခတ်မှု ဖြစ်‌ပေါ်ခဲ့ပြီး ၎င်းဖြစ်စဉ်၌ စစ်‌ကောင်စီဘက်မှာ ကားတိမ်း‌မှောက်ခဲ့‌ကြောင်း တပ်မဟာ (၅) ‌ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ယခုလို‌ပြောသည်။

၎င်းက “မ‌နေ့ ည‌နေပိုင်းက ကျ‌နော်တို့ဆီကို သတင်း‌ပေးပို့လာချက်အရ ကျ‌နော်တို့ လူ‌တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်‌ပေါ်ခဲ့တယ်။ ဖာပွန်နဲ့ ‌ခေါပူ အကြား‌လောက်မှာဖြစ်တာ။ မွန်းတည့် ၁၂ရီ‌လောက်မှာ။ အဲ့ဒီ ဖြစ်စဉ်မှာ စစ်တပ်ဘက်က ကားတစ်စီး ‌မှောက်သွားတယ်။ အဲ့ကားတစ်စီးမှာ လူ ၇ ‌ယောက်ပါတယ်။ အဲ့ ၇‌ယောက်စလုံး ‌သေသွားတယ်။ ကားတစ်စီးလုံးလည်း ပျက်စီးသွားတယ်။ ကျ‌နော်တို့ဘက်‌တော့ ထိခိုက်မှုမရှိဘူးလို့ သတင်းပို့ လာကြတယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ယမန်‌နေ့ ညပိုင်းတွင်လည်း ‌လေယာဉ်တစ်စီး ဝဲပျံလာပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း မရှိ‌သေး‌ကြောင်း နှင့် လက်ရှိအချိန်ထိ KNU ဘက်မှ ၎င်းတို့၏ ရိက္ခာလမ်း‌ကြောင်းများကို ပိတ်ဆို့ ထား‌သော‌ကြောင့် စစ်‌ကောင်စီ ဘက်မှလည်း အရပ်သား သွားလာမှု လမ်း‌ကြောင်းများကို ပြန်လည် တားမြစ်ပိတ်ဆို့ထား‌ကြောင်း ဒု ဗိုလ်မှူးကြီး ‌စောကလယ်ဒို့ ကဆက်‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့မှစ၍ ယခု ‌မေလ ၄ရက်‌နေ့ အထိ KNU တပ်မဟာ (၅) နှင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ‌ပေါင်း ၄၀၇ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်‌ကောင်စီဘက်မှ ၁၉၄ ဦး‌သေဆုံးပြီး ၂၂ဝ ‌ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ KNU ဘက်မှ ၉ ဦး‌သေဆုံးပြီး ၁ဝဦးဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူတပ်မဟာ ၅ က ‌ပြောသည်။

ထို့အပြင် စစ်‌ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၅၇၅ ကြိမ်၊ ‌လေ‌ကြောင်းဖြင့် ၂၇ ကြိမ်လာ‌ရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး (၄၇) လုံးပစ်ချခဲ့‌ကြောင်း၊ ထိုသို့ ပစ်ခတ်မှု‌ကြောင့် အရပ်သား ၁၄ ဦး‌သေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့သလို စာသင်‌ကျောင်းနှင့် လူ‌နေအိမ်များအပါအဝင် ပြည်သူပိုင် ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ‌ကေအဲန်ယူ တပ်မဟာ ၅ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်‌နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို ‌နေရာတွင် စစ်‌ကောင်စီ ၏ ‌ခြေမြန် တပ်ရင်း(ခမရ-၄၀၈)တပ်ဖွဲ့ဝင်များကိုတင်‌ဆောင်လာသည့် ကားတစ်စီး တိမ်း‌မှောက်ခဲ့ပြီး စစ်‌ကောင်စီ တပ်ဖွဲ့ဝင် ၂ဝနီးပါး အပြင်းအထန် ထိခိုက်မှုနှင့် ‌သေဆုံးမှု ဖြစ်‌ပေါ်ခဲ့‌သေးသည်။