မေလ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
နယ်စပ်ဝင်ပေါက်များမှတဆင့် ဆိုင်ကယ်မျိုးစုံတင်သွင်းခွင့်ကို မေလ ၈ ရက်နေ့မှစ၍ ရပ်ဆိုင်းရန် စစ်ကောင်စီ ကုန်သွယ်ရေးဌာနမှ ကြေညာချက်ထုတ်ပြီးနောက် မြဝတီနယ်စပ်ရှိ ဆိုင်ကယ်အရောင်း ဆိုင်များ အားလုံးနီးပါး ပိတ်သိမ်းထားကြောင်း တွေ့ရသည်။
ယမန်နေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းမှစ၍ စစ်ကောင်စီလုံခြုံရေး ပူးပေါင်းအဖွဲ့မှ မြဝတီမြို့တွင်း မြို့ပြင်ရှိ ဆိုင်ကယ်အရောင်းဆိုင်များကို ဝင်ရောက်စစ်ဆေး သတိပေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ထပ် ရောင်းလျှင်ဆိုင်ကယ်များ အသိမ်းခံမည့်ဖြစ်သည့်အပြင် လူကိုပါ အရေးယူခံရနိုင်သည့်အတွက် ယနေ့တွင် ဆိုင်များအားလုံးနီး ပိတ်သိမ်းထားရကြောင်း မြဝတီမြို့မှ အမည်မဖော်လိုသူ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် တစ်ဦး က ပြောသည်။
“ယခုလို နယ်စပ်ဝင်ပေါက်များ ဆိုင်ကယ်တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် ကုန်သည်တွေအနေနဲ့ ထိခိုက်မှုများစွာရှိပါတယ်။ ဥပမာ ထိုင်းဘက်ခြမ်းကနေ ပြည်တွင်းသို့ ဆိုင်ကယ်အစီး ၁၀၀ဝ သွင်းမယ်ဆို ရင် ဘယ်နှစ်လနဲ့ အပြီးသွင်းမယ်ဆိုတာကို တဖက်လုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ရ တာတွေရှိ သလို ငွေကြေးအာမခံမှုအနေနဲ့ ကြိုတင်ငွေ ပေးထားရတာတွေလဲရှိပါတယ်။ အခုလို ကိုယ့်ဘက်ခြမ်းက ရုတ်တ ရက် ပိတ်လိုက်တာဆိုတော့ နစ်နာမှုအတွက် သူတို့ဘက်ကို ပြန်ပြောလို့မရပါ”ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ယခင်ပုံမှန်တင်သွင်း အချိုရည်မျိုးစုံအပါအဝင် စားသောက်ကုန် ၅ မျိုးအား ပြီးခဲ့သည် မေလ ၁ ရက်နေ့မှစ၍ တင်သွင်းခွင့်ပိတ်လိုက်ပြီး ယခုအခါ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ဆိုင်ကယ်တင်သွင်းခွင့် အား ထပ်မံ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
“ယခုလို ကုန်သွယ်မှုတွေကို ပိတ်ပင်လိုက်တာ နိုင်ငံအတွက် ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ စစ်ကောင်စီက တံခါးပိတ် စီးပွားရေးမူဝါဒကို သွားနေသလိုဘဲ။ ထိုင်းဘက်ခြမ်းက မော်တော်ဆိုင်ကယ် တွေကို တင်သွင်းခွင့် ပိတ်လိုက်တာဟာ သူတို့ကို နိုင်ငံရေးအရ ထောက်ခံတဲ့ တရုတ်နိုင်ငံ ထုတ်မော်တော်ဆိုင်ကယ် တွေအတွက်ဈေးကွက်ပိုမို ရရှိလာစေမယ့် သဘောဖြစ်နိုင်တယ်” မြဝတီမြို့မှနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
နယ်စပ်မှတဆင့် ဆိုင်ကယ်တင်သွင်းခွင့်အား ပိတ်လိုက်ပြီးနောက် မြန်ပြည်တဝှမ်းရှိ ဆိုင်ကယ်အရောင်းဆိုင်များ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် ဆိုင်ကယ်တင်သွင်းမှုများကို စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း သိရသည်။



















