မေ ၉ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ပညာရေးစနစ် အလိုမရှိဟု ယမန်နေ့ မေလ ၈ ရက် နှစ်အိမ်-ခလယ်စောရွာတွင် ပြုလုပ်သည့် စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် ကျောင်းဆရာ၊ ဆရာမများက ကြွေးကြော်ခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာဖီဆန်မှု(CDM) ဝင်ထားသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်သူ ၂ဝဝ ကျော်မှ စစ်ကျွန်ပညာရေးစနစ် အလိုမရှိ၊ ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်ပေး၊ စစ်ကောင်စီအား အလိုမရှိ စ သည့် ကြွေးကြော်ချက်များဖြင့် ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း သပိတ်ဦးဆောင်သူ ပညာရေးဝန်ထမ်းတစ်ဦးမှ ကေအိုင်စီသို့ ပြောသည်။
“ စစ်တပ်အုပ်ချုပ်မှုအောက်မှာ အမှား၊ အမှန်တွေ သင်ကြားပေးဖို့နဲ့ လွတ်လပ်တဲ့ ပညာသင်ကြားမှုတွေ မရှိနိုင်တဲ့ အတွက် သူတို့ဖွင့်မယ့် ပညာရေးကို လက်မခံပါဘူး။ ဒါကျက်၊ ဒါဖြေ အမှတ်ပေးစနစ်ကိုလည်း ပြန်မသွား လိုတော့ဘူး။ လူတိုင်းသင်ယူနိုင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ရဖို့ တိုက်ပွဲဝင်သွားမယ်” ဟု ဝင်းရော်ဒေသမှ ကျောင်းဆရာကြီး စောထွန့်ဖောင် ကေအိုင်စီ သို့ပြောသည်။
ကြာအင်းဆိပ်ကြီးမြိုနယ်တွင် CDM ဝင်ထားသည့် ပညာရေးဝန်ထမ်း ၇ဝဝ ကျော်ရှိပြီး အချို့မှာ ဖမ်းဝရမ်း ထုတ်ခံထားရသည့်အတွက် ထွက်ပြေးပုန်းရှောင် နေရသူများလည်းရှိကြောင်း CDM ဝင်သူများ ကူညီရေးအဖွဲ့ထံမှ သိရသည်။



















