မေလ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်တွင် ယနေ့ (မေ ၇ရက်) ၊ နေလည် ၁၂ နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲမှု နှစ်နေရာ ဖြစ်ပွားသည်ဟု မြို့ပေါ်နေထိုင်သူများထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် ကော့ကရိတ် ပညာရေးမှူးရုံးရှေ့တစ်နေရာ နှင့် ဆေးရုံဝင်းတစ်နေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း မြို့ပေါ်နေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ဖြစ်တာက နေ့လည် ၁၂ ကျော်မှာပေါ့နော် ။ ပညာရေးမှူးရုံးမှာ တစ်လုံးပေါက်တယ်။ ဆေးရုံဝင်းမှာလည်း တစ်လုံးပေါက်တယ်။ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေ လည်းကြားရတယ်။ ကြားတာကတော့ ထိခိုက်တဲ့လူ မရှိဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်သွားသည်ကို မသိရသေးသလို မည်သည့်အဖွဲ့မှ သေနတ်ပစ်ခတ်သွားသည်ကိုလည်းမသိရသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
မြို့အတွင်း ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ပွားခဲ့ပြီးနောက် ကော့ကရိတ်မြို့အတွင်းရှိ ချောင်းတောင်တံတားကိုလည်း ယနေ့ နေ့လည်တွင် အသွားအလာပိတ်ထားလိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင်လည်း လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် အလားတူပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့သလို ဧပြီ ၂၆ ရက်နေ့တွင်လည်း မြဝတီမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏နေအိမ် ခြံဝင်းတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းရှိခဲ့သည်ဟုလည်း သိရသည်။