ဧပြီ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဖွဲ့စည်းလိုက်သည့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကို ၎င်းတို့အဖွဲ့အစည်းအနေဖြင့် လက်ခံခြင်းမရှိသေးကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ယနေ့ (ဧပြီ ၂၃) ရက်စွဲဖြင့် အသိပေးစာတစ်စောင်ထုတ်ပြန်လိုက်သည်။
ဧပြီလ ၂၁ ရက်နေ့က ဒေါနအရှေ့ခြမ်း ဒေသအတွင်းရှိ ရပ်မိရပ်ဖ ကျေးရွာလူကြီးများနှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်( DKBA)၊ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)တို့ DKBA ဗဟို စစ်ဌာနချုပ်ရုံး၌ ပညာရေးတွေ့ဆုံဆွေးနွေးမှုအပြီး ယမန်နေ့(ဧပြီ ၂၂) က ထုတ်ပြန်သည့် သဘော ထားထုတ်ပြန်ချက်များတွင် “NUG အစိုးရအဖွဲ့အား ထောက်ခံပံ့ပိုးကူညီဆောင်ရွက်သွားမည်”ဟု ဆိုသည့် အချက်ကို KIC -ကရင်သတင်းဌာနက သတင်းရေးသားခဲ့သည်။
အဆိုပါ KIC -ကရင်သတင်းဌာန၏ သတင်းရေးသားချက်ကဲ့သို့ ၎င်းတို့အဖွဲ့အစည်းသဘောထားထုတ်ပြန်ချက်မရှိသလို လုံးဝလက်ခံခြင်းမရှိကြောင်း၊ ယင်းပညာရေးဆွေးနွေးပွဲတွင် ဒေသတွင်း ပညာရေးနှင့်ပတ် သက်၍ ဆွေးနွေးခြင်းသာဖြစ်ပြီး NUG နှင့် ပတ်သက်၍ဆွေးနွေးခြင်းမဟုတ်ကြောင်း DKBA က ပြန်လည်အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

DKBA ပြောခွင့်ရ ဗိုလ်မှူးချုပ် စောမူးခိုက “အကြောင်းအရာကတော့ အခုအစိုးရအဖွဲ့တွေက တစ်ဖွဲ့မှ တည်ငြိမ်မှုမရှိသေးဘူးလေ။ ဒီအခြေ အနေကို ကျနော်တို့စောင့်ကြည့်နေပါတယ်။ သူတို့ထဲက တစ်ဖွဲ့ဖွဲ့ရသွားရင်တော့ ကျနော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ။ အဲဒါကြောင့် အခုက ကျနော်တို့ ဆုံးဖြတ်လို့မရသေးဘူး။ စောင့်ကြည့်နေဆဲပါ။ ကျနော်တို့ပညာရေး ဆွေးနွေးပွဲမှာဆိုလည်း ပညာရေး အကြောင်းပဲ ဆွေးနွေးခဲ့ကြပါတယ်။”ဟု ကေအိုင်စီသို့ပြောသည်။
ဒေါနအရှေ့ခြမ်း ရပ်မိရပ်ဖကျေးရွာလူကြီးများနှင့်အတူ KNU၊ DKBA နှင့် KECD တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်ချက်တွင် KNU အုပ်ချုပ်ရေး ယန္တရားဖြစ်သည့် (KECD)၏ ပညာရေးစနစ်အတိုင်း ရပ်တည်ကာ စစ်ကောင်စီ၏အုပ်ချုပ်ရေးဟူသမျှ ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ပြီး KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ထားသည့် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုအပေါ် အားပေးထောက်ခံ အကာအကွယ်ပြုသွားမည့်အတိုင်း ရပ်တည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ (အာဏာရှင်စနစ်) ကို အမြစ်ပြတ်တိုက်ထုတ်မည့် တိုင်းရင်းသား ပြည်သူလူထု နှင့်တကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သလို KNU ၏ နိုင်ငံရေးဦးဆောင်မှုအတိုင်း ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။
KNU၊ DKBA ခေါင်းဆောင်များ၊ ဒေါနအရှေ့ဖက်ခြမ်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် လူဦးရေ (၁၀၀) ဝန်းကျင်တက်ရောက်ခဲ့ပြီး ကရင့်ပညာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နယ်မြေအတွင်း အုပ်ချုပ်ရေးအခြေအနေနှင့် လတ်တလော နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။



















