Home သတင်း နယ်ခြား‌စောင့် ထိုင်းရဲများပါဝင်သည့် စက်‌လှေ စစ်‌ကောင်စီတပ်ဖွဲ့ ပစ်ခတ်

နယ်ခြား‌စောင့် ထိုင်းရဲများပါဝင်သည့် စက်‌လှေ စစ်‌ကောင်စီတပ်ဖွဲ့ ပစ်ခတ်

2281

ဧပြီ ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်ခြားမြစ်ဖြစ်‌သော သံလွင်မြစ်အတွင်း ဖြတ်သန်း‌မောင်းသွားသည့် နယ်ခြား‌စောင့် ထိုင်းရဲများ တင်‌ဆောင်လာသည့် စက်‌လှေတစ်စီးကို မြန်မာဘက်ခြမ်းရှိ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ ယမန်‌နေ့(ဧပြီ ၂၂) ‌သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့‌ကြောင်း ‌ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုင်းဘက်ခြမ်းရှိ မယ်‌ဟောင်‌ဆောင်ခရိုင်၊ Baan Tha Ta Fang‌ကျေးရွာအနီး မြန်မာဘက်ခြမ်းတွင် မယ်ခါထာ‌ခေါ် မယ်သရစ်ကလိုးဟု‌ခေါ်‌သော ‌နေရာတွင် အ‌ခြေစိုက်သည့် မြန်မာစစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက နယ်ခြား‌စောင့် ထိုင်းရဲများ တင်‌ဆောင်လာသည့် စက်‌လှေတစ်စီးကို ရပ်တန့်ရန် ‌အော်ဟစ်‌ပြောဆိုရာ မရပ်တန့်‌ပေးသည့်အတွက် ‌သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း‌ဒေသရှိ စက်‌လှေသမားတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “နယ်ခြား‌စောင့်ရဲ‌တွေက ‌ပေါမုခီး၊ ‌ကျော်ပလခီး နဲ့ ပိုပလဲ အဲ့ဒီ‌နေရာ သုံး‌နေရာကို သွားပြီး ထိုင်းဘုရင်မ ‌ဆောက်ထား‌ပေးတဲ့ ‌ကျောင်း‌တွေကို သန့်ရှင်း‌ရေးစီစဉ်‌ဆောင်ရွက်ဖို့ သွားတာ။ ကျ‌နော်တို့ စက်‌လှေသမား ‌ပြောတာက သူတို့ကို လှမ်း‌ခေါ်တယ်။ စက်‌လှေမှာက ထိုင်းရဲ‌တွေပါ‌နေတာပဲဆိုပြီး မသွားဘဲနဲ့ ဆက်‌မောင်း လိုက်တာ။ အဲ့မှာ ဟိုဘက်က ပစ်လိုက်တာပဲ။” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ပစ်ခတ်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ထိုင်းနယ်ခြား‌စောင့်ရဲများမှ ၎င်းတို့ဆိုင်ရာ ယူနီ‌ဖောင်ဝတ်စုံများ ဝတ်ဆင်သွားကာ ‌သေနတ်များ ကိုင်‌ဆောင်သွားပြီး ပြန်လည်ပစ်ခတ်ခြင်း မပြု‌သော်လည်း ၎င်း စက်‌လှေကို စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ နာရီဝက်ကြာ‌အောင် စစ်‌ဆေး ‌မေးမြန်မှု များပြုလုပ်ခဲ့‌ကြောင်း ၎င်း ‌ဒေသခံစက်‌လှေသမားက ဆက်‌ပြောသည်။

၎င်းပစ်ခတ်မှု‌ကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်‌ပေါ်ခဲ့ခြင်းမျိုး မကြားသိရ‌သေးသလို ၎င်းကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘက်ခြမ်းမှ ဗျူဟာမှူးအဆင့်ရှိသူ တပ်ဖက်ဆိုင်ရာအရာရှိတစ်ဦး ဆင်းလာမည်ဟု‌ဒေသခံဘက်မှ ကြားသိထား ‌ကြောင်း ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့ ဧပြီလ ၂၃ရက်‌နေ့ နံနက်ပိုင်းတွင်လည်း သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အူးသူးထာ အ‌ခြေစိုက် စခန်းရှိ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU တပ်မဟာ (၅)လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွား‌ကြောင်း ‌ဒေသခံများက ဆိုသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် ၎င်းအူးသူးထာ အ‌ခြေစိုက် စခန်းရှိ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုလ ၂ဝ ရက်‌နေ့က သံလွင်မြစ်အတွင်း ဖြတ်သန်းသွားသည့် အရပ်သား စက်‌လှေတစ်စီးကို ပစ်ခတ်မှုတစ်ကြိမ်ပြု လုပ်ခဲ့ပြီး အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်‌နေ့ကလည်း ယခု ထိုင်းနယ်ခြား‌စောင့်ရဲ များတင်‌ဆောင်လာသည့် စက်‌လှေကို ပစ်ခတ်ခဲ့သည့် မယ်ခါးထာအ‌ခြေစိုက် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များကလည်း မြစ်‌ကြောင်း အတွင်းဖြတ်သန်းသွားသည့် စက်‌လှေ ၅စီးကို ပစ်ခတ်ခဲ့ဖူးသည်။

လတ်တ‌လော KNU တပ်မဟာ(၅) နှင့် စစ်‌ရေးတင်းမာ‌နေသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် သံလွင်မြစ်‌ကြောင်းအတွင်း ဖြတ်သန်းသွားသည့် စက်‌လှေသမားများကို ၎င်းတို့ကို အသိ‌ပေးပြီးမှ ဖြတ်သန်းသွားလာရန်နှင့် အသိမ‌ပေးပါက ပစ်ခတ်မည်ဟု ခြိမ်း‌ခြောက်‌ပြောဆိုထား‌ကြောင်း စက်‌လှေသမားများကဆိုသည်။

ယခု ထိုင်းနယ်ခြား‌စောင့် ရဲတပ်ဖွဲ့ဝင်များတင်‌ဆောင်လာသည့် စစ်‌လှေပစ်ခတ်ခံရမှုအပါအဝင် သံလွင်မြစ်‌ကြောင်းအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သား စက်‌လှေများကို စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ ၃ ကြိမ်တိုင်တိုင် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။