Home သတင်း CRPH လုပ်‌ဆောင်မှုနှင့် CDM လှုပ်ရှားမှုများအား ‌ထောက်ခံ‌ကြောင်း KNU မူ‌တြော်ခရိုင် ထုတ်ပြန်

CRPH လုပ်‌ဆောင်မှုနှင့် CDM လှုပ်ရှားမှုများအား ‌ထောက်ခံ‌ကြောင်း KNU မူ‌တြော်ခရိုင် ထုတ်ပြန်

2152

ဧပြီ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီ (CRPH) ၏ လုပ် ‌ဆောင်မှုနှင့် ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုများကို ‌ထောက်ခံ‌ကြောင်း ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်(တပ်မဟာ ၅)က ယ‌နေ့ (ဧပြီ ၁၇ရက်) သ‌ဘောထားထုတ်ပြန်လိုက်သည်။

CRPH ၏ လုပ်‌ဆောင်မှုနှင့် သ‌ဘောထားထုတ်ပြန်ချက်များသည် စစ်မှန်‌သော ပြည်နယ်‌ပေါင်းစု ဖက်ဒရယ်ပြည်‌ထောင်စု ဦးတည်‌နေ‌သော‌ကြောင့် မူ‌တြော်ခရိုင် ( တပ်မဟာ ၅) မှ ‌ထောက်ခံကြိုဆိုသလို ပြည်တွင်းရှိ အရပ်သား ပြည်သူလူငယ်များနှင့် အလုပ်သမားဝန်ထမ်းများမှ တိုင်းပြည်အာဏာကို တရားနည်းလမ်းမကျဘဲ အတင်းအဓမ္မသိမ်းယူခဲ့သည့် စစ်အာဏာရှင် စစ်‌ကောင်စီအုပ်စုကို CDM ပြုလုပ်ခြင်းကို ‌ထောက်ခံအား‌ပေးသည်ဟု သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် လက်နက်မဲ့ပြည်သူများ၊ လူငယ်‌ကျောင်းသားများနှင့် ရဟန်းသံဃာများ၏ ဆန္ဒပြ‌တောင်းဆိုမှုများကို လျစ်လျူရှုပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်အာဏာရှင် စစ်‌ကောင်စီအား အပြင်းအထန်ရှုတ်ချ‌ကြောင်းလည်း မူ‌တြော်ခရိုင် ( တပ်မဟာ ၅) က ဆိုသည်။

တိုင်းပြည်အာဏာကို မတရားသဖြင့် အတင်းအဓမ္မရယူပြီး လူထု‌ခေါင်း‌ဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် သမ္မတ ဦးဝင်းမြင့်နှင့် အခြား‌ခေါင်း‌ဆောင်များ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးချုပ်‌နှောင်‌ထောင်ချခဲ့သည်မှာ နှစ်လခွဲသုံးလနီးပါးရှိပြီးဖြစ်‌သော်လည်း ကမာ္ဘ့ကုသသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံမည်သည့်အဖွဲ့အစည်းမှ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသလို ၎င်းတို့အ‌နေဖြင့်လည်း စစ်‌ကောင်စီအဖွဲ့ကို တိုင်းပြည်‌ခေါင်း‌ဆောင်အဖြစ် လုံးဝအသိအမှတ်မပြု‌ကြောင်း မူ‌တြော်ခရိုင် (တပ်မဟာ ၅)က ထုတ်ပြန်ထားသည်။

မူ‌တြော်ခရိုင်အ‌နေဖြင့် စစ်အာဏာရှင် အုပ်စုကို တိုင်းပြည်‌ခေါင်း‌ဆောင်အဖြစ် အသိအမှတ်မပြုရုံသက်သက်မကဘဲ စစ်အာဏာရှင် စနစ်အဆုံးသတ်‌ရေးအတွက် ပြည်သူများလူထုနှင့် ပူး‌ပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံး‌ရေး အမြဲကြိုးစား‌နေမည်ဟုလည်း ဆိုသည်။

မူ‌တြော်(ဖာပွန်)‌ဒေသအတွင်း တိုင်းပြည်အာဏာကို မတရားသဖြင့် အတင်းအဓမ္မရယူထားသည့် စစ်အာဏာရှင်အုပ်စုစစ်‌ကောင်စီအဖွဲ့၏ ချလာမည့် အုပ်ချုပ်‌ရေးယန္တရားဖြစ်သည့် မြို့နယ်၊ ရပ်ကွက်နှင့် ‌ကျေးရွာအုပ်‌ရေးမှူးများတွင် ပြည်သူလူထုမှ ‌ထောက်ခံအား‌ပေးခြင်း ပူး‌ပေါင်းပါဝင်ခြင်းလုံးဝမပြုရန်နှင့် CRPH ၏ လုပ်‌ဆောင်မှု၊ ပြည် တွင်းရှိ ပြည်သူများ လူငယ်‌ကျောင်းသားများနှင့် ရဟန်းသံဃာများ၏ CDM လှုပ်ရှားမှုနှင့် အာဏာဖီဆန်ဆန္ဒပြမှုများကို ‌ထောက်ခံ‌သောအားဖြင့် မူ‌တြော်ခရိုင်နှင့် ပူး‌ပေါင်းကြရန်ကိုလည်း မူ‌တြော်ခရိုင်(တပ်မဟာ ၅) က တိုက်တွန်းလိုက်သည်။

၎င်းအပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရုံးလုပ်သားများအ‌နေဖြင့်လည်း အလုပ်မဆင်းဘဲ မတရား‌သော စစ်‌ကောင်စီ၏ အာဏာဖီဆန်ပြီး မြို့နယ်ရပ်ကွက်နှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၏ တာဝန်ကို လက်မခံကြရန် လက်ခံပြီးသားသူများတာဝန်မှနှုတ်ထွက်ရန် မူ‌တြော်ခရိုင် (တပ်မဟာ ၅)အ‌နေဖြင့် တိုက်တွန်းအား‌ပေး‌ကြောင်း၊ လုပ်ငန်းတာဝန်မဆင်းဘဲ အာဏာဖီဆန်ပြီး အဆင့်ဆင့်အုပ်ချုပ်‌ရေးမှူးတာဝန်ငြင်းဆန်ခြင်း‌ကြောင့် အသက်အန္တရာယ်ကြုံလာပါက လိုအပ်သည်များကို အတတ်နိုင်ဆုံး ကူညီ‌ဆောင်ရွက်‌ပေးမည်ဖြစ် ‌ကြောင်းလည်း ‌ကေအဲန်ယူ မူ‌တြော်ခရိုင် (တပ်မဟာ ၅ ) က ထုတ်ပြန်ထားသည်။