Home သတင်း မြဝတီတွင် ဘဏ်တစ်ချို့ ပြန်ဖွင့်ပြီး ဘဏ်အ‌ကောင့်တစ်ခုကို တစ်ပတ်လျှင် သိန်း ၂ဝ သာ ထုတ်ခွင့်ပြု

မြဝတီတွင် ဘဏ်တစ်ချို့ ပြန်ဖွင့်ပြီး ဘဏ်အ‌ကောင့်တစ်ခုကို တစ်ပတ်လျှင် သိန်း ၂ဝ သာ ထုတ်ခွင့်ပြု

1218

မတ်လ ၂၃ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာသိမ်းပြီး‌နောက် ကရင်ပြည်နယ် မြဝတီမြို့တွင် ၂ လ နီးပါး ပိတ်ထား‌သော ပုဂ္ဂလိက ဘဏ်တစ်ချို့ ပြန်လည်ဖွင့်ထားသည်ဆို‌သော်လည်း ဘဏ်အပ်‌ငွေများသာ စိတ်ကြိုက်အပ်နှံခွင့်ရှိပြီး ‌ငွေထုတ်ရန်အတွက်ကိုမူ ဘဏ်အ‌ကောင့်တစ်ခုကို (၇) ရက် တစ်ပတ်လျှင် ကျပ် သိန်း (၂၀) သာ ထုတ်ခွင့်‌ပေးထား‌ကြောင်း သိရသည်။

မြဝတီမြို့တွင် ဘဏ်‌ပေါင်း ၁ဝ ခု ‌ကျော်ရှိသည့်အနက် က‌မော္ဘဇဘဏ်ခွဲ (၃) ၊ ရိုးမဘဏ်၊ ကမာ္ဘ့ရတနာဘဏ်၊ မြဝတီဘဏ်နှင့် မြန်မာ့စီးပွား‌ရေးဘဏ်တို့သာ ယမန်‌နေ့ (မတ်လ ၂၂ ရက်)မှစ၍ အချိန်အကန့်အသတ်ဖြင့် ဖွင့်ထားပြီး ဘဏ်လုပ်ငန်းများ ‌ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုလို ဘဏ်များပြန်ဖွင့်ခြင်းသည် ပြည်သူများ ‌ငွေ‌ကြေးလည်ပတ်မှုရှိ‌စေရန် ရည်ရွယ်ပြီး ‌ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အာရှလမ်းမရှိ က‌မော္ဘဇဘဏ်ခွဲ (၃) မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“လက်ရှိအချိန်မှာ‌တော့ ပြည်သူ‌တွေအ‌နေနဲ့ ဘဏ်သွင်း‌ငွေကို အကန့်အသတ်မရှိ အပ်နှံနိုင်ပြီး အပ်နှံပြီး‌ငွေထုတ်သူများအ‌နေဖြင့် ၇ ရက် တစ်ပတ်ကို ကျပ်သိန်း (၂၀) သာ ထုတ်ခွင့် ပြုထားပါတယ်။ ဒါကလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်များ သ‌ဘောတူညီချက်အရ ယခုကာလမှာ ‌ဆောင်ရွက်‌နေတာဖြစ်တယ်” ၎င်းက ‌ပြောသည်။

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ထိုင်း-မြန်မာ ‌ငွေလွှဲလုပ်ငန်းများလည်းရှိရာ ယခုအချိန်တွင် ဖွင့်ထား‌သော ဘဏ်များမှာ မှတ်ပုံတင်နံပါတ်ဖြင့် ‌ငွေလွှဲခြင်းကို လက်ခံ‌ဆောင်ရွက်ခြင်း မရှိ‌သေးသည့်အတွက် wave money စနစ် ဖြင့်သာ ‌ငွေလွှဲ‌ဆောင်ရွက်‌နေရသည် ဟု မြဝတီမြို့မှ‌ငွေလွှဲလုပ်ငန်းရှင်တစ်ဦး၏ ‌ပြောကြားမှုမှ သိရသည်။