Home သတင်း အာဏာရှင်အစိုးရကိုဆန့်ကျင်ပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု မလုပ်‌ဆောင်ရန် EAO များကို KPSN ‌တောင်းဆို

အာဏာရှင်အစိုးရကိုဆန့်ကျင်ပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု မလုပ်‌ဆောင်ရန် EAO များကို KPSN ‌တောင်းဆို

3183
Photo: NCA_EAOs

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)များအ‌နေဖြင့် လက်ရှိ အသစ်ဖွဲ့စည်းလိုက်သည့် စစ်အစိုးရကို တရားဝင် အသိအမှတ်မပြုဘဲ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများကို မလုပ်‌ဆောင်ရန် ကရင်ငြိမ်း ချမ်း‌ရေး အ‌ထောက်အကူ ပြုကွန်ရက်-KPSN က ယ‌နေ့ ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

စစ်အာဏာရှင် အသစ်ကို တရားဝင် အသိအမှတ်မပြုဘဲ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့က ဖြစ်ပွားခဲ့သည့် စစ်အာဏာ သိမ်းမှုကို တိုင်းရင်းသား လူထု၊ လူမှု အဖွဲ့အစည်းများနှင့် အတူ ပူး‌ပေါင်း ပြစ်တင် ရှုတ်ချရန် ‌တောင်းဆိုလိုက်ပြီး လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ရပ်တန့်ပြီးဆုံးသွားသည်ကို အသိအမှတ်ပြုရန် လိုအပ်သည်ဟု KPSN က ဆိုသည်။

“အတင်းအဓမ္မ အာဏာသိမ်းယူခဲ့‌သော စစ်အာဏာရှင်နှင့် ငြိမ်းချမ်း‌ရေး ရရှိနိုင်မည်မဟုတ်သလို သူတို့သည် သူတို့ ကိုယ်တိုင် လက်မှတ်‌ရေးထိုးထား‌သော ကတိကဝတ်များ မည်သို့ပင် ရှိ‌စေကာမူ တိုင်းရင်းသား အရပ် သားများအ‌ပေါ် ဆက်လက် စစ်ပြု‌နေဦးဖြစ်သည်။ ဆက်လက်ပြုလုပ်မည့် မည်သည့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုမျိုးကို မဆို ချက်ချင်းရပ်ဆိုင်းရမည်” ဟု ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်‌တွေ့ကျ‌သော မဟာမိတ် တပ်‌ပေါင်းစု တစ်ခုဖွဲ့စည်း ထူ‌ထောင်ပြီး အာဏာရှင်သစ်ကို ရင်ဆိုင်သွားရန် နှင့် ဖမ်းဆီး‌ထောင်ချမှု ‌ဘေးအန္တရာယ် ကြုံ‌တွေ့ ရင်ဆိုင်‌နေရသည့် တက်ကြွလှုပ်ရှားသူများ နှင့် သတင်းသမားများကို မိမိတို့ ထိန်းချုပ်နယ်‌မြေတွင် ပံ့ပိုး မှု နှင့် လုံခြုံမှု‌ပေးရန်လည်း တိုက်တွန်းထားသည်။

မြန်မာပြည်၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတွက် ပါဝင်ကူညီ‌ထောက်ပံ့မှု‌ပေး‌နေသည့် နိုင်ငံတကာ အလှူရှင်များ ကိုလည်း ငြိမ်းချမ်း‌ရေး ရံပုံ‌ငွေ ထည့်ဝင်မှုများကို ရပ်ဆိုင်းသွားရန် EAO အဖွဲ့များအ‌နေဖြင့် ‌တောင်းဆိုသွားရန် နှင့် ၎င်းအစား လတ်တ‌လော စစ်‌ဘေး‌ရှောင်‌နေရသည့် ထွက်‌ပြေး တိမ်း‌ရှောင်ရသူများအတွက် ပံ့ပိုးကူညီ‌ပေး သွားရန်နှင့် အစိုးရမဟုတ်‌သော လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲ လုပ်‌ဆောင်သွားရန်ကိုပါ ဆက်လက် တိုက်တွန်းထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် သျှမ်း(ရှမ်း) ပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS/SSA အဖွဲ့မှ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တွင်လည်း လတ်ရှိ စစ်အာဏာသိမ်းမှုအ‌ပေါ် လက်မခံ‌ကြောင်း တရားဝင် သ‌ဘောထား ထုတ်ပြန် ‌ကြေညာထားပြီးဖြစ်သည်။

အလားတူ ‌မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)မှလည်း စစ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံတစ်ဝန်းမှ အကြမ်းမဖက် Civil Disobedience Movement ပြည်သူ့အာခံမှု နည်းနှင့် ဆန့်ကျင်မှုကို ‌ထောက်ခံ‌ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာ၌ ထုတ်‌ဖော်ပြထားပြီး ‌မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင် ပထမဦးဆုံး သ‌ဘောထား ထုတ်ပြန်သည့် အဖွဲ့ဖြစ်သည်။