Home သတင်း ဆန္ဒပြသူများနှင့် ပတ်သက်မှုမရှိရန် တပ်ဖွဲ့ဝင်များကို DKBA ညွှန်ကြား

ဆန္ဒပြသူများနှင့် ပတ်သက်မှုမရှိရန် တပ်ဖွဲ့ဝင်များကို DKBA ညွှန်ကြား

9789

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတွင်း ဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲများတွင် တပ်ဖွဲ့ဝင်များအ‌နေဖြင့် ပါဝင်ပတ်သက်မှုမရှိရန် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA အဖွဲ့က ယ‌နေ့( ‌ဖေ‌ဖော်ဝါရီ ၈ ရက်)တွင် ညွှန်ကြားစာထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်‌ပေါ်‌နေ‌သော ဆန္ဒပြပွဲများ၌ DKBA လက်‌အောက်ခံ တပ်ဖွဲ့ဝင်များအ‌နေဖြင့် ဆန္ဒပြသူများနှင့် ပါဝင်ပတ်သက်မှု မရှိ‌စေ‌ရေး၊ တပ်စခန်းများတွင်သာ ‌နေထိုင်ရန် စစ်ကွပ်ကဲ‌ရေးများ၊ ဗျူဟာများ၊ တပ်ရင်းများ၊ စစ်‌ကြောင်းများ၊ ဌာနများနှင့် တပ်ဖွဲ့ဝင်များအားလုံးထံသို့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌စောစတီးက လက်မှတ် ထိုးကာ ညွှန်ကြားချက်ထုတ်လိုက်ခြင်းဖြစ်သည်။

(DKBA) ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စောစတီးက “ကျ‌နော်ကိုယ်တိုင်ပဲ လက်မှတ်ထိုး ပြီး ထုတ်ပြန်တာဖြစ်တယ်။ ဒီဖြစ်စဉ်က ကျ‌နော်တို့ အကုန်လုံး သိပ်နားမလည်ဘူး။ ဖြစ်စဉ်အ ‌ပေါ်မှာ ကျ‌နော်တို့လူ‌တွေ မပါတာ ‌ကောင်းတယ်။ အားလုံးလည်း အသိ‌ပေးထားပြီးပါပြီ”ဟု ‌ကေအိုင်စီ သို့အတည်ပြု‌ပြောသည်။

ထိုညွှန်ကြားချက်ကို မလိုက်နာသည့် မည်သည့်တပ်ဖွဲ့ဝင်မဆို ထိ‌ရောက်စွာ အပြစ်‌ပေးခြင်း ခံရမည်ဟုလည်း ညွှန်ကြားစာတွင် ‌ဖော်ပြထားသည်။

မြန်မာစစ်တပ်က ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့တွင် စစ်အာဏာသိမ်းပြီး‌နောက် ‌ရွေး‌ကောက်ပွဲအနိုင်ရ ထားသည့် လူထုကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထုတ်ပယ်ခဲ့ပြီး လူထုဆန္ဒ မပါဘဲ နိုင်ငံ‌တော်အဆင့်နှင့် တိုင်း‌ဒေသကြီး၊ ပြည်နယ်များတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဖွဲ့စည်းကာ တာဝန်များခန့်အပ်လိုက်သည့်အတွက် တစ်နိုင်ငံလုံးမှ ပြည်သူလူထုများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်‌ဖော်မှုများ ‌ဖေ‌ဖော်ဝါရီလ ၆ရက်‌နေ့မှ စတင် ဖြစ်ပွားလာသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ‌ဖေ‌ဖော်ဝါရီ ၇ ရက်‌နေ့က စစ်အာဏာသိမ်းမှုအ‌ပေါ် လူထုများမှ ဆန့်ကျင်‌ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်သည့်အချိန် ထိပ်တိုက်ရင်ဆိုင်မှု အ‌ခြေအ‌နေဖြစ် လာပြီး ရဲတပ်ဖွဲ့မှ ‌သေနတ်‌ဖောက်လူစုခွဲချိန်တွင် DKBA တပ်ဖွဲ့ဝင် ယာဉ်တန်းတစ်စီးက လူစုကြား ဖြတ်‌မောင်းသွားသည်ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး လူမှုကွန်ရက်‌ပေါ်တွင် သ‌ဘောထားအမျိုးမျိုး ‌ရေးသားလာသည့်အတွက် ယခုလိုထုတ်ပြန်လိုက်ခြင်း ဖြစ်နိုင်သည်ဟု DKBA အရာရှိတစ်ဦးက ‌ပြောသည်။

“မ‌နေ့က မြဝတီမှာ လူထုဆန္ဒပြတဲ့အချိန် ရဲ‌တွေက လူစုခွဲဖို့ ‌သေနတ်‌ဖောက်တဲ့အချိန်မှာ DKBA က ဆရာ‌တော်ကို သွားပို့ရင်းနဲ့ ဆန္ဒပြပွဲမှာ သွားဖြတ်မိတဲ့အခါမှာ အဲ့ဒီက ဓာတ်ပုံရိုက်ပြီး တင်လိုက်တာရှိတယ်။ အမှန်က သူ့လမ်း‌ကြောင်းနဲ့ သူသွားတာပါ။ ဒီအ‌ပေါ်မှာ တပ်ဖွဲ့စည်းမျဉ်း အရ ထုတ်ပြန်လိုက်တာဖြစ်မယ်။ EAO အဖွဲ့‌တွေရဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာ ‌လျှောက်လှမ်းသွား မယ်လို့ ‌ခေါင်း‌ဆောင်‌တွေက ‌ပြောတယ်။”ဟု ၎င်း DKBA အရာရှိက ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်တပ်မှ အာဏာသိမ်းယူမှုအ‌ပေါ် ဆန့်ကျင်သည့်အ‌နေဖြင့် ကရင်ပြည်နယ်တွင် အစိုးရဝန် ထမ်း ‌တော်‌တော်များများသည် အလုပ်မဆင်းဘဲ Civil Disobedience Movement -CDM ကဲန်ပိန်း လှုပ်ရှားမှုပြုလုပ်ကြပြီး နိုင်ငံတစ်ဝှမ်းရှိ အလွှာအသီးသီးမှ သိန်းနှင့်ချီ‌သော ပြည်သူများသည် ‌ဖေ‌ဖော်ဝါရီလ ၆ရက်မှစ၍ ယ‌နေ့အထိ နိုင်ငံအနှံ့ ဆန္ဒပြလျက်ရှိသည်။