Home သတင်း ကရင်ပြည်နယ် ဒုတိယ‌နေ့ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြမှုတွင် နယ်ဘက်‌ကျေးရွာ‌ဒေသခံများပူး ‌ပေါင်းပါဝင်လာ

ကရင်ပြည်နယ် ဒုတိယ‌နေ့ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြမှုတွင် နယ်ဘက်‌ကျေးရွာ‌ဒေသခံများပူး ‌ပေါင်းပါဝင်လာ

1894

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၏ ယ‌နေ့ ဒုတိယ‌နေ့အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေး ဆန္ဒ‌ဖော်ထုတ်မှုတွင် မြို့‌ပေါ် ‌ဒေသခံများသာမက ‌ထောင်နှင့်ချီသည့် နယ်ဘက် ‌ကျေးရွာ ‌ဒေသခံများသည် မြို့‌ပေါ် ဆန္ဒ‌ဖော်ထုတ်မှုတွက် ပူး‌ပေါင်းပါဝင်လာ‌ကြောင်း ကွင်းဆင်းသတင်းရယူ‌နေသည့် ‌ကေအိုင်စီ သတင်း‌ထောက်များက ‌ပြောသည်။

ယမန်‌နေ့ ညက လက်ရှိ စစ်အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား‌သော်လည်း ယ‌နေ့ မြဝတီမြို့‌နေ လူထုမှ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲများကို ဆက်လက်‌ဖော်‌ဆောင်လျက်ရှိပြီး ၎င်း ဆန္ဒ‌ဖော်ထုတ်မှုတွင် နယ်ဘက် ‌ကျေးရွာအုပ်စု အသီးသီး ‌ထောင်နှင့်ချီသည့် ‌ဒေသခံများ ပူး‌ပေါင်းပါဝင်လာကြခြင်းဖြစ်သည်။

မြဝတီမြို့နယ်၊ ‌သေ့‌ဘောဘိုး ‌ကျေးရွာအုပ်စု‌ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးက “ဒီတစ်ခါမှ မပါဝင်နိုင်ဘူးဆိုရင် စစ်အာဏာရှင်စနစ်က သက်ဆိုးရှည်‌နေအုံးမှာ ဖြစ်တဲ့အတွက် အကုန်လုံးက စိတ်အားထက်သန်ပြီး ပါဝင်လာကြတယ်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ယမန်‌နေ့မှစ၍ သိန်းနှင့်ချီသည့် ဖားအံမြို့ခံများစတင်ဆန္ဒပြပြီး‌နောက် ယ‌နေ့ တွင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ‌ကော့ကရိတ်မြို့နယ် မှ ‌ဒေသခံများပါ ပါဝင်အားဖြည့်လာကြပြီး ယ‌နေ့ ကြာအင်းဆိပ်ကြီးမြို့နယ် -(ကရင်အမျိုးသားအစည်းအရုံး-KNU ဝင်‌ရေးမြို့နယ်)၌ ‌ဒေသခံ ‌ကျေးရွာသားများသာမက ပညာ‌ရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါ ပါဝင်လာကြသည်။

ဆန္ဒပြမှုတွင် ပါဝင်သူ ‌စောဝင်းနိုင်က “ကျ‌နော်တို့ က ဒီမိုက‌ရေစီ လိုချင်တယ်။ အာဏာရှင်ကို လုံးဝမကြိုက်ဘူး။ ဒီမိုက‌ရေစီနဲ့ ငြိမ်းချမ်း‌ရေးကို ရဖို့အတွက် အာဏာရှင် ဖြုတ်ချဖို့ကို ဆန္ဒပြ ရခြင်းဖြစ်တယ်။ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ‌ကောပညာ‌ရေး‌ကော ဌာနဆိုင်ရာ ဝန်ထမ်း‌တွေ အကုန်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ယ‌နေ့ ဒုတိယအဖြင့် ‌ကော့ကရိတ်မြို့‌ပေါ် ဆန္ဒ‌ဖော်ထုတ်မှုတွင် မြို့ခံလူထုများအပြင် နယ်ဘက် ‌ကျေးရွာ‌ဒေသခံများ၏ ပူး‌ပေါင်းပါဝင်လာမှု‌ကြောင့် ယ‌နေ့တွင် ‌သောင်းနှင့်ချီ၍ ဆန္ဒ‌ဖော်ထုတ်‌နေကြ‌ကြောင်း ‌ဒေသခံများက ‌ကေအိုင်စီသို့‌ပြောသည်။

‌ကော့ကရိတ်‌တောင်ပိုင်း လမ်းဖား‌ကျေးရွာမှ ပါဝင်လာသူ ‌ဒေသခံ ကရင်လူငယ် ‌စောအခလိန်းက “ဒီ‌နေ့ ကျ‌နော်တို့ ‌ကော့ကရိတ်‌တောင်ပိုင်းဘက်က အများကြီးလာကြတယ်။ ကျ‌နော်တို့ အခု ပါဝင်လာဖြစ်တာက စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့အဓိကဖြစ်တယ်။ ”ဟု ‌ပြောသည်။

ယ‌နေ့ ဒုတိယ‌နေ့ ဆန္ဒ‌ဖော်ထုတ်မှုအဖြစ် ကရင်ပြည်နယ်မြို့‌တော် ဖားအံမြို့တွင် မြို့ခံ လူထုများသာမက ပညာ‌ရေးဝန်ထမ်းမှ ဆရာ၊ဆရာမများအပြင် နယ်ဘက်‌ကျေးရွားများမှ ‌ဒေသခံများ ပူး‌ပေါင်းလာကြပြီး ယ‌နေ့တွင်လည်း သိန်းနှင့်ချီ၍ ဆန္ဒ‌ဖော်ထုတ်‌နေကြ‌ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် “စစ်အာဏာရှင် ဖျက်သိမ်း‌ရေး၊ ”“ဖမ်းဆီးထား‌သော ‌ခေါင်း‌ဆောင်များကို ပြန်လွှတ်‌ပေး‌ရေး”၊ “အ‌မေစုကျန်းမာပါ‌စေ ” ၊ “ပြည်သူ့ရဲ ပြည်သူ့ရဲ ”၊“ ဗိုလ်ချုပ်‌ပေးတဲ့ စစ်ပညာ ပြည်သူ‌တွေကို သတ်ဖို့မဟုတ်ဘူး ” စသည့်‌ကြွေး‌ကြော်ချက်များဖြင့် လမ်း‌လျှောက်ချီတက်ကာ ‌ကြွေး‌ကြော်ခဲ့ကြသည်။