ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံ့အာဏာသိမ်းယူပြီးနောက် ၆ရက်မြောက်နေ့ (ယနေ့)တွင် တစ်နိုင်ငံလုံးရှိ ဆက်သွယ် ရေးလိုင်းများမှ တပ်ဆင်ထားသော ဝိုင်ဖိုင်နှင့် ဖုန်းအင်တာနက်လိုင်းများကို အာဏာသိမ်းအစိုးရက ဖြတ်တောက်လိုက် သည်။
“အင်တာနက်ကို နှစ်ရက်ဖြတ်မယ်တော့ ပြောတယ်။ အဲဒါ ဒီမနက်ကျတော့ MPT အင်တာနက်လိုင်း အရင်ပြတ်တယ်။ မရတော့ဘူး။ အခြား Myanmar Net, 5BB တွေလည်း လိုင်းမရတော့ဘူးဖြစ်သွားတယ်။”ဟု ရန်ကုန်မြို့ရှိ သတင်းမီဒီ ယာအသိုင်းအဝိုင်းမှ မြို့ခံတစ်ဦးက ယနေ့မနက်တွင် ပြောသည်။
ထို့အပြင် ကရင်ပြည်နယ် ဖားအံမြို့၌လည်း MPT ဝိုင်ဖိုင် တပ်ဆင်ထားသူများက ယနေ့မနက်တွင် အင်တာနက်လိုင်း ကို အသုံးပြု၍ မရတော့ကြောင်း ပြောဆိုသည်။
ဖားအံမြို့ခံတစ်ဦးက “ကျမတို့ အမ်ပီတီဝိုင်ဖိုင်တပ်ထားတာ ဒီမနက် သုံးမရတော့ဘူး။ အဲဒါ သူတို့ရုံးကို ဖုန်းဆက်ကြည့် တော့လည်း ဘယ်သူကမှ ဖုန်းမကိုင်ဘူး ဖြစ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် စစ်အာဏာရှင် အလိုမရှိသည့် လူထုလမ်းလျှောက် ဆန္ဒပြပွဲ တစ်ခုဖြစ်ပေါ်ခဲ့ရာ သတင်းဌာနအချို့ တိုက်ရိုက်ထုတ်လွှင့်နိုင်ခဲ့သော်လည်း ၎င်းနောက်ပိုင်းအချိန်တွင် အင်တာနက် လိုင်းများကို အသုံးမပြုနိုင်တော့ဘဲ ဖြစ်သွားခဲ့သည်။
လက်ရှိ အာဏာသိမ်းအစိုးရအနေဖြင့် မလိုလားအပ်သည့် လှုံ့ဆော်မှုများ ကာကွယ်နိုင်ရေးအတွက် အကြောင်းပြကာ ဆက်သွယ်ရေးအော်ပရေတာများသို့ အင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ဖေဖော်ဝါရီလ ၅ရက်နေ့က ညွှန် ကြားစာပေးပို့ခဲ့သည်။ ဖေဖော်ဝါရီလ ၆ရက်၊ မနက်ပိုင်းတွင် ဝိုင်ဖိုင်လိုင်းများ စတင် ပြတ်သွားသဖြင့် ဖုန်းအင်တာနက် လိုင်းများဖြင့် အသုံးပြုကြရာမှ မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် မနက်ပိုင်းတွင်လည်း အင်တာနက်လိုင်းများ ယာယီ ပြတ်တောက်ခဲ့သေးသည်။



















